ခေါင်မိုးပေါ်က ပစ်လိုက်နဲ့ ကျည်ဆံဟာ ဘတ်စ်ကားပေါ်က ဓားသမားကို သွားထိပါစေ


ဒီနေ့တနေ့လုံးမိုးတွေ အုံ့ဆိုင်းနေတယ်
ခြေသံလေးကြားရင်တောင် ပြိုကျတော့မယ့် မိုးတိမ်တွေ..
လူနှစ်ယောက်ကို လူနှစ်ယောက်က သတ်တော့
ကွဲပြားတဲ့ ဖြစ်စဥ်နှစ်ခုမှာ တိမ်တွေက တစုတစည်းထဲပဲ
ရွာချလိုက်တဲ့ မိုးရေတွေက နှစ်စုကွဲသွားတယ်
ပြီးတော့ ပေါက်ပြဲနေတဲ့ အိမ်ခေါင်မိုးထဲ ထိုးစိုက်ဆင်း
တို့တွေရဲ့ အပြဲအကွဲကို ရေတွေ ဘယ်လိုရှာတွေ့သလဲ??
မေးခွန်းတွေ နုံအစွာ
နာကျင်မှုထဲ  တောက်တခေါက်ခေါက်
ငါတို့တွေ။

၁၃-၀၉-၂၀၂၅ ၇:၂၈ ည

တနင်္လာနေ့ကိုမှ လိုချင်ခဲ့တယ် တဲ့လား


မိုးတွေ ညိုလာတော့
ငါ့မှာ ပစ်လှဲကျလိုက်ဖို့ အဆင်သင့်ရယ်
အမှောင်အမိုက်ထဲ
ပြိုလဲခြင်းဟာ အဖြေတစ်ခုလဲ ဖြစ်နိုင်တာပဲ
ခရီးတွေရဲ ရာဇဝင်ကို ဖိနပ်လေးဟာ မဖွင့်ဟနိုင်
ငါ့ရဲ့ ဆိတ်ငြိမ်ခြင်းဟာ ပွက်ပွက်ဆူလို့
ကိုယ်တိုင်ရေး ကိုယ်တိုင်ငို
အပေါစား ဟာသတွေ အထပ်လိုက်
အထီးကျန်။ တစ်ယောက်တည်း။ တစ်ကိုယ်ထဲ။ လူမဲ့။ 
ပဲတင့်ထပ် အဓိပ္ပါယ်တွေ မွစာပြန့်ကျဲ
ရေမျောကမ်းတင် စကားလုံးတွေထဲ ဘဝက နေပျော်ပါတယ်၊
ထားလိုက်ပါတော့။

၂၇ သြဂုတ် ၂၀၂၅ ၁၁း၁၅ ည

နှစ်ကမ္ဘာခြား


ဒီကမ္ဘာကြီးအတွက် ငါတို့ဟာ ကြမ်းပိုးအကောင်လေးတွေပါပဲ
သူ့အသွေးအသားကို စားသုံးပြီး အချင်းချင်းသတ်ဖြတ်နေရတာ ကြိုက်တဲ့ကောင်တွေပေါ့။
အမှုန်အမွားလေးကနေ စောက်ကြီးစောက်ကျယ် စကြာဝဠာကြီး ဖြစ်ချင်နေကြတာက အစ
အိမ်မက်တွေ ရွက်လွှင့်ပြီး ထင်ရာဆိုင်းခဲ့တာမှာလည်း အဆုံးမသတ်ခဲ့ပါဘူး
အဲဒီလို
အမိုးအကာလေးတွေကို ရှာဖွေပြီး ပန်းတွေပြည့်နှက်သော ကောင်းကင်ကို မျှော်နေကြတဲ့ စိတ်ကူးတွေ။
အဲဒီလို
အဆိုးတစ်ဖက် အကောင်းတစ်လက်၊  နှစ်ကမ္ဘာခြား အိမ်မက်ဆိုးတွေနဲ့ နှစ်ကမ္ဘာခြား ပန်းတဝေဝေနဲ့
အဲဒီလို
မြင်သမျှ မြင်ကွင်းထဲမှာ အသက်ရှူရင်း မီးရှိုက်ရင်း
ပြာဖြစ်လည်း ပြာအလျှောက်၊ အသွေးအသားလည်း အသွေးအသားအလျှောက် ဖြစ်ခဲ့ ရှိခဲ့
အရှင်လတ်လတ်ငရဲမှာ အရိုးရလည်းပျော် အသားရလည်းပျော် ဘာရရပျော်ခဲ့
ရူးမသွားကြဖို့ ဖုန်းမျက်နှာပြင်တွေကို ဖက်တွယ်ထားခဲ့ရ။
မီးစာမကုန်ခင်လေး အတောက်ပဆုံး လင်းလက်လိုက်ရမလား၊ အပူမြိုက်ဆုံး လောင်ကျွမ်းလိုက်ရမလား။
ဝင်လေ ထွက်လေကြား နှစ်ကမ္ဘာခြား။

အိမ်ပြေး


ဖြစ်ပုံက ပျက်ပုံနဲ့တူတူပဲ
တစ်စစီ လိုက်ပြန်ဆက်နေရ
အလိုလိုနေရင်း အသက်ရှုကျပ်နေရ
အိမ်မျှော်သူဟာ မုန်တိုင်းကို ဖြတ်ဆဲ
စက္ကန့်တံတွေရဲ့ ခုတ်ထစ်မှုမှာ မွစာကြဲဆဲ
ပြစ်ချခဲ့တဲ့ မျှော်လင့်ချက်တွေကို အကြိမ်ကြိမ် တောင်းပန်ဆဲ
အိမ်မက်တွေဟာ အိမ်မက်တွေထက်ပိုတယ်
နိုးထခြင်းမှာ မျက်ရည်ဝဲရ၊ စိတ်တွေ ပြန်တင်းရ
ဒီလိုပဲ နူးညံမှုတွေ (ပျော့ညံ့မှု ?) တွေကို ပလက်ထားရ
ဇန်ဘီတွေလိုပဲ
အလိုလိုနေရင်း အသက်ရှုကျပ်နေရ
ဒီလိုပဲ သွားနေရတာပါပဲ
အခုတော့ အိမ်မပြန်ချင်တော့ဘူး
အခုတော့ စိတ်ဟာ ခွေရူးလိုပဲ ယောက်ယက်ခတ်
အခုတော့ ကိုယ့်စိတ်ကို ကိုယ် ခပ်ရေးရေး မြင်မိ
တကယ်တော့ ငါဟာ ငါမျှော်နေတဲ့ အိမ်ရဲ့ အဝေးကို ပြေးနေသူပါပဲ
ဝေးနိုင်သမျှ ဝေးဝေး
ဝမ်းနည်းဖို့ကောင်းနေသလား
တစ်စစီ လိုက်ပြန်ဆက်နေရ
ရွှံဗွက်လို စိတ်တွေ လူတိုင်းနင်းဖြတ်သွားဖို့
ဥပေက္ခာ ဓားသွားက  ငါ့ကို နက်နက်နဲနဲ တရားပြရဲ့
ဒီလိုပါပဲ မုန်တိုင်းကို ဖြတ်ဆဲ
ဒီလိုပဲ သွားနေရတာပါပဲ
နောက်ဆုံတော့ ပျက်ပုံက ဖြစ်ပုံနဲ့ တူတူပါပဲ


အိမ်မက် အရွှေ့


ဒဏ်ရာစီးကြောင်းထဲ
ငါတို့ အိမ်မက်တွေရဲ့ ခံတပ် ပျက်ခဲ့ရ
ကြံ့ကြံ့မခံနိုင်ခဲ့ဘူး

အရွှေ့တစ်ရွှေ့မှာ
ဝိဉာဥ်ဟောင်းလက်ပေါင်းများစွာရဲ့ ဆုပ်ကိုင်ဆွဲငင်ခြင်းခံရ
အစွယ်ဖွေးဖွေးအတိတ်တစ္ဆေဟာ ငါတို့ ထမ်းပိုးသွားရမယ့် ဝန်ထုတ်တစ်ခုဆိုတာ
လက်ခံလိုက်ရတယ်

နှစ်ကာလတွေက အိမ်မက်တွေကို ပုံစံဖျက်ပြီး
အဝေးကြီးကို ရွှေ့ပြစ်လိုက်ကြတယ်
ဝမ်းနည်းစရာကောင်းလိုက်တာ
အိမ်မက်ဟောင်းတွေကို ငါတို့ မမှတ်မိနိုင်တော့ဘူး

ဆာလောင်ခြင်း


ဘဝဆိုတဲ့ကောင်က ဂြိုလ်ထနေတယ်
ငါ့မှာ မူးတူးမင်တင် ဝေဝေဝါးဝါး
ဘာဖြစ်တာလဲ သေချာကြည့်မှ
ဆာလောင်မှုဖြစ်နေတယ်

ဘာတွေ ဆာလောင်နေတာလဲ ကိုဘဝကြီးရယ်
ဂုဏ်တွေ ငွေတွေလား
ထင်ပေါ်ကျော်ကြားမှုလား
တီထွင်ဖန်တီးနိုင်မှုတွေကိုလား
မတရားမှုကို အဆုံးစွန်းထိ ပြန်ချမှာကိုလား
ဘဝက ခပ်ပြတ်ပြတ်ပြောတယ်
ကျုပ်က ဗိုက်ဆာတာဗျ တဲ့

အမလေး ငါ့နှဲ့
မိုးတိုးမက်တပ်အိပ်မက်တွေ ပြစ်ထားခဲ့ပြီး
ဝေလီဝေလင်း အစာရှာထွက်ရပြီ
အိပ်ရေးပျက်ရပါတယ် ကိုဘဝကြီးရယ်

အချစ်အကြောင်း ပြောကြမယ်


ငါတို့ အချစ်အကြောင်း မပြောဖြစ်တာ အတော်ကြာပြီ
ဒုက္ခတွေ တစ်ဒိုင်းဒိုင်းပစ်ဖောက်ပြီး ပေတေနေလာခဲ့ကြတဲ့ နှစ်တွေပေါ့
ဘဝဟာ မိုးတိမ်လို မရည်ရွယ်ဘဲ ရွေ့လျား
အချစ်အကြောင်း ပြောဖို့ မေ့နေကြပုံများလေ။

ဒီမြစ်တွေက ဒေါသကြီးကြတယ်။
ရက်စက်ကြမ်းတမ်း အမောအပန်းတွေ အပြည့်
ဒါပေမယ့် လှည့်ကြည့်လှည့်ဦး အချစ်ရေ၊
ဒို့နှစ်ယောက် ကူးခတ်လာပုံက နူးညံ့လှချည်ရဲ့၊
ဒို့ခြေရင်းမှာ ဝတ်ဆင်းခဲ့ရတဲ့ မြစ်မင်းတွေ

ဖြတ်သွားဖြတ်လာ ချစ်ခြင်းမေတ္တာဆိုတာ မရှိပါဘူး
တမင် ဂရုတစိုက် စိုက်ပျိုးခဲ့ရတဲ့ သစ်ပင်ပါ
သစ်ရွက်သေတွေ ကြွေချင် ကြွေမယ်
ဆူးတွေ ဝေချင် ဝေနေမယ်
ချစ်ခြင်းလေပြေမှာ ရယ်ရီသံနူးနူးညံညံ လှုပ်ခတ်နေသေးတာပဲ

လမ်းရဲ့ခေါ်ဆောင်ရာ တဲ့
ငါတို့ ရောက်ခဲ့တယ်
ငါတို့ သွားနေတယ်
အနားမှာ တစ်လျှောက်လုံး ရှိနေပေးလို့လည်း ကျေးဇူးတင်ပါတယ်။

တစ်နေ့နေ့တော့ ငါတို့ထမ်းထားရတဲ့ နှစ်ကာလတွေ ပစ်ချပြီး
မင်းအပြုံတွေကို ထိုင်ကြည့်နေချင်သေးတယ်။

၂၀၂၃-၀၂-၁၀ ၁၁း၅၈ မနက်

ငါ့ထက်ဆိုးတဲ့ ဘဝတွေ အများကြီး



ဆယ်ဘီးကားအောက် ထိုးဝင်ခဲ့တဲ့ ခေါင်းဟာ ငါပဲ
လက်ဆွဲကျန်ခဲ့သူ ခလေးငယ်ဟာလည်း ငါပဲ
ဆာလောင်ခြင်းမှာ သေခြင်းအနံ့ တဖွားဖွား

မီးလာတုန်းလေး ရှိသမျှ အားသွင်းထားရတယ်
ငါ့စိတ်ဓာတ်ကိုရော ဘယ်လို အားပြန်သွင်းရမလဲ

စိုနေတာ မျက်ရည်လား ချွေးလား
အနာက မနက်တာလား
ငါက မနက်နဲတာလား
ငါ့ထက်ဆိုးတဲ့ ဘဝတွေချည်းပဲ

၂၃-၀၃-၂၀၂၂

မိစ္ဆာတွေဟာ မောင်းလာတဲ့ကား


မိစ္ဆာတွေမှာ သူ့စည်းကိုယ့်စည်း မရှိတော့ဘူး
မိစ္ဆာတွေဟာ အရေခြုံ ဝတ်စုံတွေနဲ့
မိစ္ဆာတွေဟာ သူလို ကိုယ်လိုပဲ ဂျိုမပါဘူး
မိစ္ဆာတွေဟာ စစ်ခမောက်ဆောင်းလာတယ်
မိစ္ဆာတွေဟာ လူအုပ်ထဲ ကျည်အစစ်နဲ့ ပစ်ထည့်တယ်
မိစ္ဆာတွေဟာ ခန္ဓာထဲမှာ မီးတွေ လောင်နေတယ်
မိစ္ဆာတွေဟာ နွံထဲမှာနှစ်ဖို့ ခြေထောက်တွေ မရှိကြတော့ဘူး
ဒါပေမယ့်
မိစ္ဆာတွေဟာ လီဗာဖိနှင်းပြီး အရှိန်ပြင်းပြင်းနဲ့ လူအုပ်ထဲ မောင်းဝင်လာတုန်းပဲ

၅ ဒီဇင်ဘာ ၂၀၂၁ ည ၉:၁၅

တိတ်တိတ်လေး လောင်မီးကျ


ငါအနိုင် သူအရှုံးတရား အလံတလူလူလွင့်တဲ့နိုင်ငံမှာမှ
ငါတို့ဟာ လာပြီး လောင်မြိုက်နေရရှာတယ်

ငါတို့လောင်မြိုက်မှုဟာ
မပြီးနိုင် မစီးနိုင်
မကုန်နိုင် မခန်းနိုင်
အမုန်းတရာတွေ ပစ်ထည့်
သတင်းမှားတွေ ပစ်ထည့်
လူမျိုးရေးတွေ ပစ်ထည့်
နိုင်ထက်စီးနင်းတွေ ပစ်ထည့်
နှိပ်စက်ညင်းပန်းသတ်ဖြတ်မှုတွေ ပစ်ထည့်
ချစ်ခြင်းမေတ္တာဟာ သက်တန်းကုန်ဆေးပုလင်းလို လှဲလှောင်းလို့
ဘယ်သူမှ သူ့လာပြီး ကူညီဖေးမပေးပုံ မရရှာဘူး

ငါတို့ ပန်းအိမ်မက်တွေဟာ
မီးလောင်ပြင်မြို့ကြီးအဖြစ် ပြောင်းသွား
စစ်သလင်းပြင်ကြီး ဖြစ်သွား
မကြာခင်ကမှ ဆုံးသွားကြတဲ့ ငါ့အဒေါ်တွေ၊ အစ်ကို၊ အစ်မတွေကိုလည်း အိမ်မက်ရဲ့
ငါ့မှာ ငိုလိုက်ရတာကွာ
ကျောက်ခဲလေးဖြစ်သွားတဲ့အထိပဲ
ကိုယ် အမြီးကိုယ် ပြန်မြိုမိတဲ့ မြွေလို
အခု ဘာဆက်လုပ်ရမလဲ မသိတော့

ပင်ပန်းတယ်
အိပ်မရဘူး
အမှောင်အခန်းလေးထဲ
တိတ်တိတ်လေး ထိုင်နေချင်တာပါ
တိတ်တိတ်လေး

၂၉-၁၁-၂၀၂၁ ည ၁၀:၃၂