အရူးရေးတဲ့ ကဗျာ

Posted on Aug 21, 2007
ညိုပြာရောင်ဖူးပွင့်နေတဲ့ ညပေါ့
ငါ့သွေးကြောထဲက ပူစီဖောင်းလေးတွေ
မေးခွန်းတွေနဲ့ ပလုံစီစီ

ဘယ်လိုလဲ ..

အချိန်လု ရှင်သန်ခြင်းထဲက အနှစ်သာရများ
သတ်ပုံမှားနေတဲ့ လူသားဆန်မှုနဲ့ ပါးစပ်ပေါက်များ
ငါ့ရဲ့ အတွေးအိမ်လေးဟာ ဟောင်းနွမ်းလွန်းလှပါပြီကွာ

ဒီလိုနဲ့ဘဲ
စက္ကန့်တံလေးတွေနဲ့အတူ အသက်တွေ ကပ်ကပ် ပါသွား
(ငါ့အလည့်က ဘယ်အချိန်တုန်းတဲ့)
အနှစ်မဲ့ အမှိုက်ပုံကြီးမှာတော့ ငါတို့ သေသေနေတာ အကြိမ် သုံးသန်းမကတော့ဘူး

ဟုတ်ပါရဲ့
နှစ်ဆယ့်သုံးနှစ်လုံးလုံး ငါဘာတွေ ရရှိပေးဆပ်ခဲ့ပါသလဲ
ချစ်ခြင်းမေတ္တာကလွဲရင်
ညီမျှခြင်းနောက်ဘက်မှာ သုညထက်ဘာမှ ပိုမရှိဘူး

ပူစီဖောင်းလေးတွေလည်း တစ်စစီ ကွဲပေါက်
ငါ့အတွေးအမှိုက်ပုံလေးလည်း သေရှင် ရှင်သေ
ငါလေ
ချစ်ခြင်းကလွဲရင် ဘာမှ မကျေနပ်ဘူး