ကမ္ဘာမြေနဲ့ နောက်ဆုံးညစာ

Posted on Aug 27, 2007
ညတွေ မှောင်မိုက်ပါစေ  
ဒါမှ အမှန်တကယ် မိုးလင်းနိုင်မယ်  
အခုတော့  
ကမ္ဘာမြေရဲ့ လည်ပတ်မှုပေါ် ငါတို့ရဲ့ သံသယတွေလည်း လည်ပတ်  
ဝလုံးလား သုညလားဆိုတာ မနက်ကျမှ ဖွင့်ကြည့်ကြမယ်

ကမ္ဘာမြေရေ…  
သင့်ရဲ့ မိုးရေတွေလည်း ခါးသက်ခဲ့ပြီ  
ကျိန်စာသင့် ရွက်ဝါတွေလည်း ကြွေလွှင့်ခဲ့ပြီ  
ငါတို့ရင်ထဲက မီးတောက်တွေလည်း အပူနဲ့ ထက်..မြ..ခဲ့..ပြီ..

ကမ္ဘာမြေရေ…  
သင့်ရှေ့ စားပွဲပေါ်က မှောက်ထားတဲ့ ဖဲတစ်ချပ်ဟာ  
ငါတို့ရဲ့ ကံကြမ္မာတွေဖြစ်တယ်…  
နွေဦးရဲ့ လေပြေလေညှင်းနဲ့ လွပ်လပ်ခြင်း ငြိမ်းချမ်းခြင်း သီချင်းကို သီဆိုဖို့  
မနက်မိုးသောက်ယံတစ်ခု ငါတို့ လိုအပ်… မျှော်လင့်… တိုက်ပွဲဝင်မယ်လေ

ဟိုးအရှေ့မှာ ရောင်နီ  
တောက်ပတဲ့ကြယ်တွေ အပြိုင်းပြိုင်းကြွေတဲ့ညပေါ့  
ဝမ်းနည်းခြင်း မိုးတွေ ချုန်းကြထစ်ကြ  
ငါတို့ အောင်မြင်ဖို့ .. အမှောင်တွေလည်း လင်းတတ်ခဲ့ပြီ …။ ။