မြို့

Posted on Aug 29, 2007
မြို့က  
အပုပ်နံ့နဲ့ လှပ  
``လူပါးဝ´´လို့

ဘယ်မလဲ  
ငါတို့ လိုချင်တဲ့ အမှန်တရားတွေ  
လမ်းမတွေ ပေါက်ပြဲကုန်တဲ့အထိ ရှာမတွေ့ခဲ့  
သီချင်းချိုတွေလည်း ခါးခဲ့

ဖိသိပ်ထည့်ထားတဲ့ ဒဏ်ရာတွေ အုံလိုက်ကျင်းလိုက်  
ပိတ်ဆို့ထားတဲ့ တံခါးတွေ အထပ်လိုက် အချပ်လိုက်  
အရေခွံအပုပ်နဲ့ ရောဂါသည်မြို့လေ  
`လေ´အားလျှပ်စစ်နဲ့ မီးလင်းမယ့် မြို့လေ  
ချွေး၊ သွေး၊ အသက်တွေ အကြွေးထူနေတဲ့ ကျုပ်တို့ မြို့လေ

မြို့ရဲ့ နယ်နှင်ဒဏ်ပေးခံရတဲ့ အမှန်တရား နဲ့ တရားမျှတမှု  
ခေါင်းပါးတဲ့ ဘဝတွေ တဖြုတ်ဖြုတ်ကြွေ  
ကယ်တင်ရှင်နတ်ဘုရားတွေလည်း အောက်ခြေလှိုက်စားခဲ့

ကျုပ်တို့ကို ကယ်တင်ဖို့ ကျုပ်တို့ ကိုယ်တိုင်ပဲလိုတယ်  
ကဲ … မြို့ရေ  
နေနှင့်ဦးပေါ့ကွာ ။