ချစ်ခြင်းဖြင့် ဖူးပွင့်သော

Posted on Sep 1, 2007
ပူလောင်လှတဲ့ နွေလယ်ခေါင်ရဲ့ နေရောင်မှာ  
ကိုယ့်တစ်ကိုယ်လုံး အချစ်ပွင့်တွေနဲ့ တဖျတ်ဖျတ်ဖူးပွင့်  
နှလုံးသားပေါ် အချစ်ပွင့်တွေ သာသာလေးကြွေပုံက  
တဒိန်းဒိန်းနဲ့ ကမ္ဘာကြီးတောင် ကြားရရဲ့လေ  
ညီမလေးရေ.. အစွမ်းထက်လှချည်လားလို့ ကိုယ့်မှာ တအံတသြ

ကြီးမြတ်တဲ့ ရှင်သန်ခြင်း, အချစ်နဲ့ အသစ်မွေးဖွားခဲ့ပါတယ်  
ကိုယ့်လက်အစုံနဲ့ ခံယူဖို့ ပူလောင်ခြင်းဆိုလည်း ရဲပါတယ်  
ကိုယ့်အတွက် မင်းရဲ့အဓိပ္ပာယ်ဟာ ချစ်ခြင်းထက်ပိုတယ်  
သိလား ကိုယ်မြတ်နိုးရတဲ့ ညီမလေးရဲ့

အတင်းကြီးယုံပါလို့လည်း မပြောချင်ဘူး  
နှလုံးသားချင်း သိကြရမယ့် ကိစ္စမှာ  
ဘာကြောင့် စကားလုံးတွေ အလဟဿဖြုန်းတီးပစ်ရမှာလဲ

သံသယခြကောင်တွေကို သတ်ပစ်လိုက်  
သူတို့ရဲ့ တောင်ပို့ကိုပါ ဖြိုပစ်ခဲ့  
ချစ်ခြင်းနဲ့ တည်ဆောက်ထားတဲ့ အနာဂတ်မှာ  
တစ်ယောက်နှလုံးသားကို တစ်ယောက်လက်တွဲလို့  
တစ်ယောက်အချစ်မှာ တစ်ယောက် ခုန်မင်စွာ ရင်ခုန်လိုက်ကြရုံ  
ဒီထက် ဘာမှ မလိုအပ်တော့ဘူးဆိုတာ ကိုယ့်တို့ပဲ သိလိမ့်မယ် ။ ။