နှလုံးသားယဉ်ကျေးမှု
Posted on Sep 1, 2007
ငါရဲ့ ချစ်ခြင်းအဖွဲ့အနွဲ့လေးရေ …
မရေရာတဲ့ အဓိပ္ပာယ်တွေကြားမှာ
ငါတို့
တစ်ယောက်ရဲ့ နုပျိုခြင်းကို တစ်ယောက် သောက်သုံး
တစ်ယောက် အရေအပြားအောက် တစ်ယောက် ခိုလှုံရင်း
အတိုက်အခိုက် ဗလပွနဲ့ လမ်းကို
ငါတို့ ခြေထောက်အောက်မှာ ယဉ်ကျေးအောင် သွန်သင်မယ်။
လိုက်ခဲ့လို့ ခေါ်စရာမလိုအောင် ငါ့ဘေးမှာ မင်းရှိနေပြီးသား
ကြောက်ရွံ့ခြင်းတွေ ချန်ထားခဲ့လို့ ပြောစရာမလိုအောင် မင်းနဲ့ငါက ရဲရင့်ပြီးသား
ဟုတ်တယ်
ချစ်ခြင်းမှာ ငါတို့ ဘာကိုမှ အကြောက်အရွံ့မရှိဘူး
ဘယ်သူမှ နားလည်မှာမဟုတ်တဲ့ ငါတို့ရဲ့ နားလည်ခြင်းများ
ဘယ်သူမှ ယုံကြည်မှာမဟုတ်တဲ့ ငါတို့ရဲ့ ယုံကြည်ခြင်းများ
ငါတို့နှစ်ယောက်ကြားမှာ အသားစလေးတောင် မခြားဘူး
အဖွဲ့အနွဲ့လေးရေ …
နာကျင်ခြင်းနဲ့ အမုန်းဘာသာရပ်တွေကို
ငါတို့ သင်ရိုးထဲမှာ ချန်လှပ်ထားခဲ့
ယဉ်ကျေးပြီးသား ငါတို့ နှလုံးသားတွေနဲ့
အကြင်နာတရားဆိုတာကို သင်ပြကြစို့ရဲ့ …။ ။