မိသားစုကောင်းကင်

Posted on Sep 6, 2007
မုန်တိုင်းစဲပြီးတဲ့ တစ်နေ့ပေါ့  
ချစ်ခြင်းအတ္တတွေထဲ နှစ်မြုပ်နေတဲ့  
ကျွန်တော်ရဲ့ စိတ်ကလေးကို ဆွဲနှုတ်လို့  
ကျွန်တော် အိမ်ပြန်ခဲ့ပါတယ်  
နွေးထွေးမှုတွေရှိရာ…  
အမေ့ရဲ့ မနက်ခင်းများရှိရာ ကိုပေါ့…

အဖေပေးတဲ့ ဝက်ခ်ကင်းရှုးလေးက  
ကျွန်တော့်လမ်းတစ်လျှောက် ခြေရာတွေကို ညင်သာစေခဲ့ပါတယ်  
အခုတစ်လောတော့  
အမေရဲ့ ဆူဟောက်ညီးထွားသံမှ မကြားရရင်  
ကျွန်တော့်မှာ  
ညဘက်, ညဘက် အိပ်ပျော်အောင် မနည်း ကြိုးစားနေရတယ်  
ကျွန်တော်က လိမ္မာတဲ့ သားဆိုးပါ အမေ …

အဖေအမေတို့ရဲ့ ‘မိသားစုမိုး’ လေးမှာ  
ကျွန်တော်လည်း တက်ညီလက်ညီ ရွာချင်ပါတယ်  
အဖေဆာလောင်တဲ့ ထမင်းဝိုင်းလေးကို  
ကျွန်တော်လည်း ဆာလောင်တာပေါ့ အမေရယ်  
ကျွန်တော်လည်း ကျွန်တော် တတ်သလောက်မှတ်သလောက်တော့ ရွာနိုင်မှာပါ

ဒီည အိပ်မက်ထဲမှာ  
ကျွန်တော် ငှက်ကလေးဖြစ်သွားလိမ့်မယ်  
မိသားစုကောင်းကင်မှာ ပျံဖို့ …။ ။