ချစ်သူ

Posted on Sep 9, 2007
အခုဆိုရင်  
ရာသီဥတုတစ်ခုစာမက ငါတို့ ဖြတ်သန်းကြရတော့မယ်  
ဖျားနာခြင်းကင်းတဲ့ အချစ်မှာ ဖျားနာဖို့  
ဘဝကို သက်တံဖျော်ရည်တိုက်ဖို့  
ငါတို့အတွက် မလိုအပ်ဘူး  
ဒါပေမယ့်  
ချစ်ခြင်းတရားရဲ့ ကြီးမြတ်လှတဲ့ ကျေးဇူးတော်မှာ  
ငါတို့ ညွှတ်နူးကြရဲ့  
ငါတို့ရဲ့ ယုံကြည်မှုတွေဟာ ငွေ့ရေဖွဲ့ထားတဲ့ တိမ်တစ်အုပ်လည်း မဟုတ်ပေဘူး

ရူးသွပ်မှုဆိုတာ ငါတို့နှစ်ယောက်ကြားမှာတော့ ရယ်စရာသက်သက်  
အနာဂတ်ကို ခက်ခက်ခဲခဲမတွေးခေါ်ဘဲ  
မင်းလျှောက်ချင်တဲ့ခရီးကို ငါ့ခြေထောက်နဲ့ လျှောက်ပြီး  
ငါကြည့်ချင်တဲ့ အလှအပတရားကို မင်းနှလုံးသားနဲ့ကြည့်ကြဖို့  
ငါတို့ မျှော်လင့်  
ရှေ့တစ်လျှောက်  
ငါတို့ စမ်းချောင်းလေးလို စီးဆင်ကြစို့ …။ ။