လွမ်းတဲ့ အကြောင်း III

Posted on Sep 9, 2007
နာရီတွေ တရွေ့ရွေ့ဖြတ်သန်းသွားတိုင်း  
ငါ့အထီးကျန်မှုက ပိုပြီး ပြန့်ကား နာကျင်လာတယ်  
ကောင်မလေးရေ  
ရိုးအီနေပြီဖြစ်တဲ့ စကားလုံးတွေနဲ့ပဲ လွမ်းေကြောင်း ကဗျာဖွဲ့ရတော့မယ်

ထစ်ငေါ့ခဲ့တဲ့အတွေးတွေက ပြန့်ကျဲသွားတိုင်း မင်းဆီပဲ  
ငါ့ရဲ့ ဖရိုဖရဲမှာ မင်းက လှချင်တိုင်းလှနေ  
ဘာကြောင့်မှန်းတော့ မသိဘူး  
မင်းရဲ့ ရယ်ဟန်လေးမှာ ငါ့ညနေတွေ နီရဲအေးချမ်းခဲ့ရပါတယ်

ကောင်မလေးရေ  
ဒီလို မင်းကို မမြင်ရတဲ့နေ့တွေဆို  
ငါ့ကောင်းကင်မှာ အရောင်မစုံတဲ့ သက်တန့်တွေပဲပွင့်  
ဟာလာဟင်းလင်းသီချင်းမှာ ငါ့အသွေးအသားတွေ ပဲ့ကြွေ  
ဘာတစ်ခုမှလည်း အဆင်မပြေချင်ဘူး

ငါ့ရဲ့ မသေမသပ်အလွမ်းက အနားစတွေ ဖွာလန်ကြဲလို့  
ငါ့ကိုငါ မှန်ထဲပြန်ကြည့်မိတော့လည်း ဝေဒနာအတုံးအခဲကြီးပဲ မြင်နေရတော့တယ်  
ဒီလိုပဲ ခင်းကျင်းပြသခဲ့ပါတယ် ကောင်မလေးရယ်  
ငါက လွမ်းခဲ့သမျှ သေချာချင်တဲ့ ကောင်လေ …။ ။