သရဲ
Posted on Nov 11, 2007
ကျွန်တော့်ဘေးမှာ သရဲတစ်ကောင်ရှိတယ်
ကျွန်တော်ညာဘက်ကို လှည့်ကြည့်ရင် သူက ဘယ်ဘက်မှာ ရောက်နေပြီး
ကျွန်တော်ဘယ်ကို လှည့်ကြည့်တော့ သူရှိနေတာက ညာ
ကျွန်တော်အရေအပြားပေါ်က
ကြက်သီးဖုလေးတွေမှာ သူ နေဖူးတယ်
တစ်ခါတစ်လေ ကျွန်တော့်ဂုတ်သွေးကို သူမြိန်ရေယှက်ရေ စုပ်လို့
တစ်ခါတစ်လေ ကျွန်တော့်ရိုင်းစိုင်းမှုကို သူ ဆွဲထုတ်
တစ်ခါတစ်လေ ကျွန်တော် အရမ်းကြောက်အောင် သူ ဖြဲခြောက်တယ်
ကျွန်တော် ဘုရားစာရွတ်ရင် သူ ဆဲရေးပြီး
ကျွန်တော့် အကုသိုလ်မှာ သူပျော်တယ်
ကျွန်တော် မောင်းထုတ်လဲ သူထွက်မသွားဘူး
ကျွန်တော် သွားလေရာနောက် လိုက်လို့လေ
ဘယ်သူသိနိုင်မလဲ
သူလဲ သူ့ဒုက္ခနဲ့သူ ဖြစ်ချင်ဖြစ်မှာ
ဒါမှမဟုတ်လဲ
အခွင့်သာတဲ့တစ်နေ့ … ကျွန်တော်သတိမဲ့သွားတဲ့နေ့
ကျွန်တော့်ကို ဂုတ်ချိုးဖို့စောင့်နေတာ ဖြစ်ချင်ဖြစ်မှာ
ဘယ်သူသိမှာလဲ …နော် …