အလွမ်းခနေတဲ့ ကြယ်တွေအကြောင်း
Posted on Dec 6, 2007
အလွမ်းခနေတဲ့ ကြယ်တွေအကြောင်း
ဒီလိုပြောကြစတမ်းဆိုရင်
သူမဟာ
ငါ့ကောင်းကင်က ကြယ်တွေကို ဖူးပွင့်စေခဲ့တဲ့ နတ်သမီးပဲ
သူ့ရယ်သံလေးတစ်ချက်နဲ့တင်
ငါ့အကိုင်းအခတ်တွေအားလုံး နူးညွတ်ကြွေကျသွးခဲ့ဖူးတယ်
ရွှေရောင်မနက်ခင်းတွေမှာ
ငါ့ကို ဝမ်းနည်းစိတ်နဲ့ နိုးထစေခဲ့တာ သူမပေါ့
သူမနှုတ်ခမ်းတွေနဲ့ လင်းလက်ခဲ့တဲ့ အလွမ်းဟာ
ဘာကိုမှ မမြင်နိုင်အောင် စူးရှတောက်ပလွန်းတော့
ဘဝကို ငါကိုယ်တိုင် အလွမ်းနဲ့ ရဲရင့်စွာ ချုပ်လုပ်ခဲ့ပါတယ်
နတ်သမီးလေးရေ
သူမရဲ့ ကြင်နာတဲ့ ချစ်ခြင်းမှာ
ငါ့ရဲ့ အလွမ်းတွေ နှင်းဖြစ်ပါစေ
ငါချစ်တဲ့ ဆောင်းမှာ
မနှစ်ကလို အထီးကျန်မှုတွေ မရှိရပါစေနဲ့
ငါ့အသွေးအသားထဲမှာလည်း
သူမနာမည်ကို ထာဝရ ရေရွတ်နေပါရစေတော့
ငါ့ရင်ထဲက အလွမ်းခနေတဲ့ ကြယ်တွေလေ
ကြွေကျမသွားရအောင်
မနည်း ခုခံတားဆီးနေရတော့တယ် …။ ။