ချစ်သူသို့ …
Posted on Dec 17, 2007
ချစ်ခြင်းမီးတောက်နဲ့
ငါ့ရင်ကို လင်းမြစေခဲ့တဲ့ အလင်းလေးရေ …။
ဖြူစင်ခြင်း မင်းရဲ့ ဂီတသံမှာ
ငါ့အတောင်ပံတွေ အားဆက်
အရုဏ်ရဲ့ ရောင်ခြည်နုရှိရာ
အရှေ့အရပ်ကို ငါတို့ ပျံသန်းကြမယ်
မြစ်ရေရဲ့ အလျဉ်းမျိုး
အတိတ်တွေ … အတိတ်တွေ …
ကျန်ခဲ့လိမ့်မယ် … ထားခဲ့လိုက်။
ယုံကြည်မှုပါရင် လမ်းတွေဟာ
လင်းတယ်၊ ချိုမြိန်တယ်၊ ခုံမင်စရာ ကောင်းပါတယ်။
လောကဓံရဲ့ သွေးကြောထဲ
ငါတို့ လက်တွဲထားရင်
ဘယ်လှိုင်းမှ ငါမမှုဘူး
ချစ်ခြင်းကို ယုံကြည်သောအားဖြင့်
မစားရ တားမြစ်ထားတဲ့ ဘယ်သစ်သီးကိုမှလည်း ငါတို့ စားစရာ မလိုဘူး
ဘယ်တော့မှ ငြိမ်းမှာ မဟုတ်တဲ့
(ငါ့ရဲ့ ငြိမ်းချမ်းခြင်း) အလင်းမီးတောက်လေးရေ …
ငါတို့ရဲ့ ဘဝနှစ်ခုကို တစ်လွှာတည်း ဖြစ်အောင်ထပ်
မင်း သဘောတူမယ်ဆိုရင်
ငါတို့ လောကကို စိမ်ခေါ်ကြည့်ကြမယ်လေ …။