ညီမလေးအတွက် ကိုယ်က သစ်ပင်

Posted on Dec 17, 2007
ဒီနေ့ ပိတောက်တွေ စ ပွင့်တယ် ညီမလေး  
ပိတောက်တစ်ပွင့် ပွင့်တိုင်း ပွင့်တိုင်း  
ကိုယ့်ရင်တွေ အလွမ်းနဲ့ ကြွေကြွေကျ  
ဧပြီလနေလိုလည်း ပူလိုက်သေးတယ်

ညီမလေးရယ်  
မင်းရဲ့ မမြင်ချင်ယောင်ဆောင်မှုမှာ  
ကိုယ့်နှလုံးသားက ခဏခဏ သေရတယ်  
ကိုယ်ကလည်း နာကျင်မှုဆိုတာကြီးကိုမှ ဥပေက္ခာပြုထားမိတာလေ

ဒီလို ကျောင်းပိတ်ရက်တွေမှာဆို  
မင်းရဲ့ ပုံရိပ်လှလှလေးတွေကို ပြန်ကြည့်ဖို့  
ကိုယ့်မှာ နှလုံးသားတစ်ခွေစာ အပြည့်ရှိတယ်  
ကျေးဇူးပြုပြီး မင်းရဲ့နှုတ်ခမ်းပါးလေးတွေကို မတည်ပစ်လိုက်ပါနဲ့ကွာ

ကိုယ်က အများနဲ့ မသက်ဆိုင်တဲ့ မင်းအခန်းရှေ့က လမင်းဆိုရင်  
မင်းက ပြတင်းတံခါးတွေကို ပိတ်ပစ်မှာလား  
ကိုယ်က အချစ်နဲ့ပတ်သက်ပြီး မင်းကို ကူးစပ်ချင်တဲ့ ရောဂါဆိုရင်  
မင်းက ကာကွယ်ဆေးထိုးပြီး နေမှာလား  
တကယ်ဆိုရင်  
ကိုယ်က ဘာမှ မဟုတ်ဘဲ၊ မင်းကိုမှ ဖူးပွင့်ချင်တဲ့ သစ်ပင်ပါ။

ဟုတ်တယ် ညီမလေး  
ကိုယ်က မင်းအတွက် အဆင်သင့်သစ်ပင်ပါ  
မင်းက ဖူးပွင့်ပေးရုံလေးပဲ  
အရိုးရှင်းဆုံး …။ ။