စိတ်ပျက်ခြင်းတွေ ထူးထူးချွန်ချွန်
Posted on Dec 6, 2008
တစ်နေ့လုံး ဘယ်နားထားရမှန်းမသိတဲ့ စိတ်
ညနေရောက်တော့ ငရဲနဲ့တွေ့နေပြီ
စိတ်ပျက်ခြင်းတွေ ထူးထူးချွန်ချွန်
စက္ကူစွန်ဖြတ်ပွဲတွေထဲ ငါမပါဘူး
အရိပ်နင်းပွဲတွေထဲ ငါမဝင်ဘူး
တောလိုက်ပွဲတွေကိုလည်း ငါမုန်းတယ်
စိတ်ပျက်ခြင်းတွေ ထူးထူးချွန်ချွန်
ခဏခဏအသက်အောင့်ထားမိလို့ ခဏခဏသက်ပြင်းချရတယ်
(ငါ့သူငယ်ချင်းကပြောတော့ အသက်တိုဆေးပေါ့တဲ့)
စိတ်ပျက်ခြင်းတွေ ထူးထူးချွန်ချွန်
အမှောင်နဲ့ခင်းထားတဲ့လမ်းပေါ်က ခေတ်
ဆရာသစ္စာနီလိုလည်း နေမင်းဆီဖုန်းမဆက်ချင်ဘူး
အရင်ကဗျာထဲကလိုလည်း အလင်းတွေ မမျှားချင်တော့ဘူး
စိတ်ပျက်ခြင်းတွေ ထူးထူးချွန်ချွန်
ငါ့မျက်လုံးတွေလည်း ညစ်ထေးမှုနဲ့ အောင့်နေပြီ
ညနေဆိုတော့ အာရုဏ်ဦးနဲ့ ဝေးသေးလား
(ငါတကယ် မသိတော့ဘူး)
စိတ်ပျက်ခြင်းတွေ ထူးထူးချွန်ချွန်
ဘဝနဲ့ ဆတူ အကုသိုလ်တစ်ထပ် ကျောပိုးအိပ်ထဲထည့်သူထည့်
အသိဉာဏ်ဟောင်းလောင်းလွယ်အိပ်ကို လွယ်သူလွယ်
ရှေ့မှာစတိုင်အပြည့်နဲ့ နောက်ကျောဘက်မှာ ဖင်ပေါ်သူပေါ်
စိတ်ပျက်ခြင်းတွေ ထူးထူးချွန်ချွန်
ဒီညနေမှာ
ငါတကယ်
စိတ်ပျက်ခြင်းတွေ ထူးထူးချွန်ချွန်…