အမေ့အတွက်ကဗျာ ၂

Posted on Dec 11, 2008
ကျွန်တော် အိမ်က ထွက်လာတော့  
ဝဲခဲ့တဲ့ အမေ့မျက်ရည်တွေ  
ကျွန်တော် အခုထိ မမေ့သေးဘူး  
လောကဓံကို ကိုယ်တိုင်ကိုယ်ကျခံယူဖို့ လှမ်းခဲ့တဲ့ ခြေလှမ်းတွေပေါ့ အမေရယ်  
ခွင့်လွတ်ပါလို့ပြောစရာမလိုအောင် အမေက ခွင့်လွတ်ပြီးသားဆိုတာ ယုံတယ်  
အဖေ့မျှော်လင့်ချက်လေး အလင်းရ “မီး” လာဖို့  
မလွတ်လပ်တဲ့အဖေ့ကိုယ်စား လွတ်လပ်ခြင်းတွေမှာ ပျံသန်းဖို့  
ဖြန့်ခဲ့တဲ့ တောင်ပံတွေပေါ့ အဖေရယ်  
ယုံကြည်ရာမှာ ရဲရင့်တဲ့ အဖေ့အတွက် ကျွန်တော်မှာ အားကျဂုဏ်ယူလို့မဆုံး

စဉ်းစားကြည့်မိရင်  
ကျွန်တော့်မျက်ရည်တံတိုင်းတွေ ကျိုးကျိုးကုန်တယ်  
မိသားစုသုံးယောက်မှာ  
အဖေတစ်နေရာ  
အမေတစ်နေရာ  
သားတစ်နေရာ  
တစ်ယောက်ခြင်းစီ သိမ်ငယ်  
တစ်ယောက်ခြင်းစီ မျှော်လင့်  
တစ်ယောက်ခြင်းစီ ဆုတောင်း

လူမစုံတဲ့ ထမင်းဝိုင်းလေးမှာ  
အခုတော့ အမေတစ်ယောက်တည်း  
အရမ်းသတိရနေချိန်တိုင်းမှာ  
ကျွန်တော်က ဖုန်းဆက်တယ်တဲ့ အမေကပြောတယ်  
အဲဒီလောက်ထိအောင် ချစ်ခြင်းမေတ္တာတွေ ပြည့်စုံအားကောင်း  
လူစုံတက်စုံ မိသားစု ထမင်းဝိုင်းလေး  
ကျွန်တော်တို့သုံးယောက်လုံး ဆာလောင်တာပေါ့ အမေရယ်  
အခုတော့ သည်းခံဦးပေါ့

ဒီမိသားစုလေးမှာ ကျွန်တော်ပါဝင်ခွင့်ရတာ  
နတ်ကောင်းနတ်မြတ်တွေ ပေးသနားတဲ့ ဆုလဒ်ကြီးပါ  
အဲဒါကြောင့် ဟိုသီချင်းစာသားလေးလို  
လူတွေအားလုံးထဲ ကျွန်တော်ဘိတ်ချေးဖြစ်နေစေဦးတော့  
ပထမရသလိုခံစားရပါတယ် အဖေနဲ့ အမေရယ်  
အဲဒီအတွေးနဲ့ ပြုံးတဲ့အပြုံးဟာ  
ကျွန်တော်ရဲ့ လူသားအဆန်ဆုံးအချို့ထဲက တစ်ခုပေါ့  
ကျွန်တော်ရဲ့ ဂျစ်ပစီ နေ့ရက်တွေထဲက အားဆေးပေါ့  
ကျွန်တော်ရဲ့ ခွေယိုင်နေတဲ့ ခြေထောက်တွေအတွက် ချိုင်းထောက်ပေါ့  
အဲဒီလို ကျွန်တော် ယုံကြည်တယ်

မနက်တိုင်း  
မျှော်လင့်ချက်နဲ့ အိပ်ရာထနေရတဲ့ ကျွန်တော်  
အဖေနဲ့ အမေကို  
ဟော့ဒီစာမျက်နှာလေးနဲ့ ကန်တော့လိုက်ပါရဲ့  
မျှော်လင့်ချက်ပန်းလေးတွေ ပွင့်ပါစေလို့