လူလိမ္မာမိုက်
Posted on Feb 1, 2009
ကိလေသာအညစ်အကြေးတွေအခိုင်အမာ အမြစ်တွယ်နေတဲ့
အရိုးပေါ်အသားတင် တန်ဆာပလာနဲနဲထည့်ပြီး အရေပြားစွပ်ထားတဲ့ ဝတ္ထုအစုအပုံကြီးပေါ့
ခံစားစိတ်ကလေးက ပါးလျလှုပ်ခတ်လွန်းတော့ သူ့ခမျာ မနေနိုင်မထိုင်နိုင် ကဗျာတွေရေး
သူ့စွဲလမ်းစိတ်ကိုသူ ကျားကုတ်ကျားခဲ ဖက်တွယ်ထားပုံက ကြေးမုံမှန်တစ်ချပ်လိုပဲ
ကြည့်ဦးလေ
သူက ကမ္ဘာကြီးကို ရွံချစ် ပါသတဲ့
သူက သဘာဝတရားကြီးကို ရွံချစ် ပါသတဲ့
အလှတရားကို ရွံချစ် ပါသတဲ့
ပြီးတော့
လူတွေ …
အတ္တ ပုံစံအမျိုးမျိုး …
ခေတ် … အစရှိသဖြင့်ပေါ့လေ
နောက်ဆုံး … သူ့ကိုယ်သူ
ရွံချစ် … ရွံချစ် …. ရွံချစ် ပါသတဲ့ …
မေတ္တာ ကရုဏာ ကာမဂုဏ်စွဲလမ်းမှု
တရားမှန်နဲနဲ တရားမှားများများ လက်ကိုင်ထားတယ်
သူ့ခေါင်းမာမှုက သံခမောက်
သူ့စိတ်ထားက ပိုးစဖြူ ပါးပါးလေး
သူ့မှာမရှိတဲ့ နောင်တနဲ့ သူ့ဘာသာသူ ပြန်ပြန်ပစ်
သူ့မာနတွေ တလူလူလွင့်ပေါ့
အဲဒါ … တရားစစ်မရနိုင်တဲ့ ဆန့်ကျင်ဘက်တွေနဲ့ လူပုဂ္ဂိုလ်ကြီး
ကဗျာဆရာပေါ့ …။ ။