ဟာသ ၂
Posted on Feb 4, 2009
လိပ်ပဲဖြစ်လိုက်ချင်တယ် စိတ်ညစ်လို့
ဘာမှတော့မဆိုင်ဘူး
ကျနေတဲ့စီးပွားရေးနဲ့ ငါ့စိတ်က ကပ်ပါသွားသလိုပဲ
ဖြစ်ချင်ရာဖြစ်မောင်ဘချစ်ကလည်း ခေတ်မရှိတော့ဘူး
အနေအထားက ရွှေသွားနဲ့မဟုတ် မြွေကြားနဲ့တွေ့နေရတာ
ထိုးချေခံလိုက်ရတဲ့စီးကရက်ဖင်ဆီခံလိုပဲ ဘယ်နေရာအသုံးကျပြရမလဲမသိဘူး
ဘူလွန်းလို့ ဘူကြီးရိုက်ရင်တောင် သူဌေးဖြစ်နိုင်တယ်
မိချောင်းပေါ်နေတဲ့လက်ကျန်စိတ်ရေအိုးလေးကို ကုန်းခပ်လိုက်တော့
မဆုံးနိုင်အောင်ကို အနည်ထတော့တာပဲ
မျှော်လင့်ချက်တနင့်တပိုးနဲ့ကောင် ခွေးဖြစ်တဲ့ပွဲ ဝက်ဝက်ကွဲတိုးဝှေ့ကြည့်ကြပါ
ဟာသက ကမ္ဘာကျော်မယ်နော်
ဒဏ်ရာက စိမ့်ထွက်နေတာ သွေးမဟုတ်ဘူး အားမလိုအားမရအရှက်
ငါအခုစားနေတာ ထမင်းမဟုတ်ဘူး အမေ့ချွေးစက်
ရယ်ရတယ်နော် ကမ္ဘာကျော်
ညစ်နေတဲ့စိတ်တောင်ဘယ်ရောက်သွားမှန်းမသိတော့ဘူး အမေရယ်
ဒေါသဆို ဝေးရော
အခု
ဘယ်သူတွေအတွက် ဘယ်လောက်ပဲသေးသေး ငါ့အတွက်တော့ ကြီးတယ် ကမ္ဘာကြီး ပဲ
ကမ္ဘာအကြီးကြီးပေါ်က လူသားပိစိကွေးလေးငါလေ ကိုယ့်ဟာသနဲ့ကိုယ် နာနာကျင်ကျင်
ဟုတ်တယ် ငါကိုက အရေခွံပါးလွန်းတယ်
အရေပြားအောက်မှာလောင်နေတဲ့မီး အခုငုံ့ကြည့် မြင်နေရတယ်
မရတော့ဘူး အန်ချလိုက်တော့မယ် ဆွေးဆွေးမြေ့မြေ့ ဟိုရောက်ဒီရောက် ကဗျာ
ဟာသက ဒီမှာတင်မပြီးသေးဘူး
ပြီးရင် လိပ်ဖြစ်ပေါ့။