အတွေးအခေါ်နဲ့ ညနေ
Posted on Feb 23, 2009
ရောင်စုံ စက္ကူစွန်တစ်အုပ်နဲ့ ညနေခင်းကောင်းကင်
ဟော… တက်လာပါပြီ ဘယ်ယိမ်းညာယိမ်း ဖြူနီပြာဝါ ရောင်စုံ
သေသပ်ပုံခြင်းမတူ
အနိမ့်အမြင့်ချင်းမတူ
အချင်းချင်းလည်း ရန်စောင်ကြ
ဟိုစွန်အဖြူက ဟိုစွန်အနီကို ဘယ်လိုဖြတ်ချလိုက်တာ
ဟိုအပြာစွန်က ဟိုအဝါစွန်ကို ဘယ်လိုကျဆုံးသွားတာ
တစ်စွန်ပြတ် တစ်စွန်တက်
အစရှိသဖြင့်ပေါ့လေ… ရန်စောင်ပွဲ
တစ်ညနေလည်း မဟုတ် နှစ်ညနေလည်း မဟုတ်
နေ့တိုင်း စွန်တိုက်ပွဲ ရှေ့တန်းစစ်မျက်နှာပြင်ကောင်းကင်မှာ
ဘာကြောင့်များ ဒီလောက်ကျယ်တဲ့ကောင်းကင်မှာ
တစ်စွန်ထဲ ပျံသန်းချင်ရတာလဲလို့ စဉ်းစားမိတယ်
အရောင်စုံ အရွယ်စုံ အနိမ့်အမြင့်အစုံဆို
ပိုမလှပပေဘူးလား စဉ်းစားမိတယ်
တစ်ဆက်တည်း
ဒီခေတ်မှာ ဒီလိုအတွေးအခေါ်ရှိတာ လူရယ်စရာများဖြစ်နေဦးမလား
အကြာကြီး စဉ်းစားမိတော့တယ်။ ။