သော့တစ်ချောင်းကိုကိုင်ပြီး တံခါးပေါက်များစွာမှာ ငိုင်
Posted on Mar 2, 2009
ဘယ်ကို ရွေ့သွားပြီလဲ
နောက်နေ့တွေဆိုတာ မသေချာတော့ဘူး
အမှောင်က လွှတစ်ချောင်းလို တိုက်စား
ခက်ထန်ခြင်းများက အနံ့တထောင်းထောင်းထ
ဒီအဓိပ္ပာယ်ကို ဘယ်လိုစာလုံးပေါင်းရပါ့မလဲ
အခုရေးခဲ့သမျှ တောင်စဉ်ရေမရ အကြမ်းတွေချည်းပဲ
အဆင့်မမီတဲ့ စာကြောင်းဆိုတာ ဘယ်လိုမျိုးကို ဆိုလိုသလဲ
ဥပမာနဲ့ ရှင်းလင်းပြသလို့
နွေကတော့ မရောက်ခင်ထဲက အသားနီလန်နေပြီ
သစ်ပင်တစ်ပင်မှာတောင် လေကြမ်းတိုက်သမျှ အဖျားကပဲ ကယောက်ကယက်
ဆားကစ်ပေါ်က ပြာယာခတ်နေတဲ့ လျှပ်စီးပတ်လမ်းတွေ
စိတ်ကို စိတ်နဲ့ ရှော့ ရိုက်
လေပြေလေးတွေတောင် ချွေးစို့စို့
အဆင်ပြေကြောင်းစာတွေတော့ အစောင်ပေါင်းမြောက်မြားစွာ လက်ခံရရှိပါတယ်
အဲဒါဟာ အဆင်မပြေတာကိုဆိုလိုကြောင်း သူလဲသိ ငါလဲသိ
နှလုံးခုန်သံကို သက်ပြင်းတွေနဲ့ မျို/မျောချနေရ
ရေးပြီးသားစာကြောင်းတွေ ပြန်မဖျက်ပစ်ချင်တော့ဘူး/ ပြန်ဖျက်ပစ်ဖို့ပျင်းလွန်း
နေရတာနဲ့ ရယ်ရတာက ကပေါက်တိကပေါက်ချာနဲ့ တပေါက်ချိကပေါက်ချာ
တကယ်မရယ်ရတဲ့ဟာသကို ရယ်တယ်
တကယ်ရယ်ရတဲ့ဟာသကိုတော့ ခပ်တည်တည်လုပ်လို့
ငါ့အသုဘဖိတ်စာ ငါကိုယ်တိုင် ရိုက်သွားခဲ့ရရင် ကောင်းမလား
အင်…
ရေးတာလဲတော်တော်ရှည်နေပြီ၊ စာကိုဒီမှာပဲ ရပ်လိုက်ကြစို့
အဓိပ္ပာယ်တစ်ခုဆီကို မရည်ရွယ်တဲ့ကဗျာ အခုရေးခဲ့ပြီ