နှလုံးသားတစ်ခြမ်း အခိုးခံလိုက်ရတဲ့ မနက်

Posted on Mar 8, 2009
စံပယ်တွေ အသစ်ပွင့်တဲ့နေ့က  
ကံဆိုးခြင်းနှစ်ဆနဲ့ အချစ်က ရောက်လာတယ်  
အမှောင်တံတိုင်းတွေ အထပ်ထပ်ကာရံလို့  
ဝေးကွာခြင်းမှာလည်း စိတ်ဓာတ်တွေ ပျက်လို့

နိဒါန်းမှာ ပြိုကွဲ ခဲ့တဲ့ အပိုင်းအစတွေက အခု ဆူးတယ်  
ရူးသွပ်ခြင်း တစ်ဝက်၊ ဆင်ခြင်တုန် တစ်ဝက် ရောလိုက်တော့  
အချစ်က သုံးမရအောင် ညစ်ပေကုန်တာပဲ  
နိဒါန်းရဲ့ တစ်ဝက်မှာ

ညီမလေးရေ … အချစ်ဆိုတဲ့ ကောင်ကြီးက  
ဘဝကို အံစာခေါက်သလို ခေါက်တာဟ  
အခုကို ငါ့မှာ လိမ့်ပိန့်လို့  
ဘာဂဏန်းကျရမှန်းလဲ မသိသေးဘူး

မနီးနိုင်သေးတော့လည်း ဝေးပေါ့ကွာ  
ခဏလေးဆိုပေမယ့်  
ဒီမှာက တစ်တောလုံး အလွမ်းတွေ ပွင့်ခဲ့

သီချင်းတစ်ပုဒ်လို မချိုတဲ့ မနက်ပါ  
စံပယ်တွေ ခါးတယ်  
တစ်နွေစာ ပူတယ်  
ငါကလည်း အချစ်မှာ ကလေးတစ်ယောက်လို ရူးခဲ့တယ်။ ။