ငပိန်းရေးတဲ့ ခွင့်လွတ်မှတ်တမ်း
Posted on Mar 9, 2009
ခေါင်းတခါခါ လည်တရမ်းရမ်း
တံတွေးနဲ့ နှစ်သတ်မယ့်သူတွေပါလား
စကားလုံးတွေနဲ့ဆိုတော့လည်း
‘ထိတယ်ဟ’ ဆိုပြီး ဒဏ်ရာကို ပြလို့မရဘူး
ဒီတော့လည်း လျှာတစ်ချောင်းစာ ရေငုံ ပေါ့
ပိုးမွှား အပြည့်နဲ့ ပါးစပ်ပေါက်တွေက
ထိန်းမနိုင်သိမ်းမရ အဓွန့်ရှည်ဦးမယ့် ပုံစံပဲ
လေ ပိစိလေးလျှော့ဆိုလဲ မရဘူး
မညီတာတွေကို အတင်း ညီမျှခြင်းတွေချပြနေတယ်
ကြာတော့လည်း အမှန်ဖြစ်ရော တဲ့
ဘယ်တော့မှ မမှားတဲ့သူတွေပေါ့နော်
ဂုဏ်ယူပါတယ်… နှာခေါင်းရှုံ့ပြီး
တကယ်သဘောကျလို့ရယ်တာပါ…. လှောင်ရယ်မဟုတ်ပါဘူး
ကိုယ့်အိုးကို ကိုယ်လုံအောင်ဖုံးလေ
ဒီမှာတော့ ကုသိုလ်ထူးပုံများ
နားက မကြားချင်ပါဘူးဆိုမှ ပါးပြနေတယ်
သတင်းကလည်း မသိချင်ပါဘူးဆိုမှ မြန်ဆန်တိကျလို့
ဒီတော့လည်း ခွင့်လွတ်ပေးပါတယ်လေ
နားတော့ အဟုတ် လည်မပေးနိုင်ဘူး
မနည်း အသက်မှန်အောင် ရှုနေရတဲ့ နာကျင်မှုလမ်းက အပြုံးနဲ့
ပုခုံးချင်း တဲ့ တိုက်သူတွေကို ခွင့်လွတ်ပေးခဲ့တဲ့ မှတ်တမ်း
ဒီက ငပိန်းဆိုတဲ့အကောင် အခု ရေးလိုက်ပါတယ်ဗျာ
အရာရာ အဆင်ပြေကြပါစေ…လို့