ငါရူးသွားတဲ့တစ်နေ့
Posted on Mar 16, 2009
ဒီနေ့တော့ ငါရူးနေတာပဲဖြစ်မယ်
မျက်စိနဲ့ တွေ့သမျှ ဘယ်အရာမှ မူမမှန်ဘူး
သိပ်တုံးတဲ့ပုံဖမ်းထားတဲ့ လူလည်စကားလုံးရှင်တွေ
ကားအကောင်းစားမောင်းနေတဲ့ အကြွေးထူသူတွေ
အရိုးပြိုင်းပြိုင်း အမြစ်ရှည်ရှည်သစ်ပင်ပိန်တွေ
ငါတို့လမ်းထဲက နဂို အရူးတောင် ဒီနေ့ အရင်ကလောက် မရူးဘူး
ဒီနေ့တော့ ငါရူးပြီပဲ
ကျီးတစ်ကောင်က ငါ့စိတ်ပေါ်မှာမှ လာနားပြီး တအာအာ
ပေါက်ပေါက်ရှာရှာ ငါ့စိတ်ထဲ ဘယ်က ဧည့်သည်လာမလဲ
တိမ်တွေ… မိုးအုံ့ ရန်ကုန်… အပူကျွမ်းနေတဲ့ မက္ကဆီကို
ခေါင်မိုးပေါ်က အုတ်နီခဲကျိုး… connectionတွေ ကွေးကောက်
ငါ့အော်သံတွေ အဓိပ္ပာယ်တစ်ခုမှ ဖြစ်မလာ
ငါမပြောခဲ့တာ ငါ့စကားဖြစ်
အမေပြောတော့ အရင်နေ့တွေထက် ဒီနေ့ နင်ပိုရူးနေတယ်တဲ့
ဒီတော့ ဒီနေ့ ငါ အသေအချာကြီးကို ရူးတယ်
အပြင်းစားလောင်ကျွမ်း ဘုရားရှိခိုးသံများ ငါ့အတွက်တွေ အထပ်လိုက်ဆုတောင်း
ဒီနေရာကိုရောက်ဖို့ ဘုရားက လွတ်ချခဲ့တာလား၊ ငါတို့က ခုန်ဆင်းခဲ့တာလား
အရူးကို သူရူးထဲမှာမတွေ့တော့ ဒီလူ ရူးနေတာ သေချာသွားပြီလား
အဖြေမရရင် စဉ်းစားမနေနဲ့တော့၊ ကဗျာပြီးအောင် မြန်မြန်ရေး
ခဏနေ ဇာတ်လမ်းတွဲတွေ ကြည့်ရဦးမယ်
အဲဒီထဲက ကောင်တွေက ငါ့ထက်ပိုရူးနိုင်မလား ငါကြည့်စမ်းမယ်လေ။