အမေ တ တေး

Posted on Mar 21, 2009
အထာကိုင်တယ်ဆိုပေမယ့် ဗလာဆိုင်လေးမှာထိုင်နေတာပါ  
အရှုံးကို တွက်ကြည့်တယ်။ အဝင်အထွက်မမျှဘူး။ စာရင်းမကိုက်ဘူး။  
မေမေရေ… သားရဲ့အဓိပ္ပာယ်တွေတော့ ယွန်းကုန်ပြီထင်တယ်

ခေတ်ရဲ့ဘေးထွက်ပစ္စည်းတော့ အဖြစ်မခံနိုင်ဘူး မေမေ  
မြောင်းဆိုးမြောင်းပုပ်ဆိုပေမယ့်လဲ ဖြတ်စီးရဲရမယ် ပင်လယ်ဆီ  
အခုတော့ ပတ်ကျိလို ကွေး၊ တုံ့ဆိုင်း၊ ထုံထိုင်း  
ကိုယ့်ကိုကိုယ်အားမရမှုက ကိုယ်ကိုကိုယ်သေကြောင်းကြံစည်မှု  
ကိုယ့်ကိုကိုယ်နှစ်သိမ့်မရတော့လည်း  
ကိုယ့်ကိုကိုယ် အမွေပြတ်စွန့်လွတ်လိုက်တယ်

ဒီမှာလေ  
နောက်ပြန် လှည့်ကြည့်လွန်းလို့  
အနာဂတ်ကို ကျောပေးမိသလိုဖြစ်နေပြီ  
ဒီမှာလေ  
နာကျင်မှုကိုမှ တယုတယလွယ်ထမ်းထား  
ဒီမှာလေ  
မျက်ရည်နဲ့မျက်ခွက်အထီးတစ်ကောင်

မေမေရေ… ဘယ်နေရာမှာ မှားနေပြီလဲ။