အလွမ်းကို လုံးကြီးတင်ထားတဲ့မြို့

Posted on Apr 26, 2009
ချစ်သူအကြောင်း မြို့ကြီးကိုပြောပြတော့  
ဒဏ်ရာအနာတရနေရောင်ခြည်အောက်က  
အလွမ်းထည့်ခပ်ထားတဲ့ ကျုံးရေတွေတောင် ပွက်ပွက်ဆူကုန်တယ်

သတိရစိတ်က မီးလျှံငှက်တစ်ကောင်လေ  
သူထ, ထပျံလိုက်တိုင်း  
သောကဖုန်တွေနဲ့ အတော်ကြာအောင် အနည်မထိုင်ဖြစ်နေခဲ့ရတာ ငါပေါ့

ဖုန်းတွေကို အားကိုးမရတဲ့နေ့  
အိပ်မက်တွေသာ ဝေးဝေးရောက်သွားတယ်  
ငါတို့ အသံတွေကတော့ ဆွံ့အခဲ့ရ

အလွမ်းစွန် အဆွေးအဖျားမှာ ချစ်သူ့နာမည်ကို တိုးတိုးတမ်းတမိတော့  
လိပ်ခွေနေတဲ့ ပက်ကြားအက်လမ်းမတွေက လှောင်ရယ်, ရယ်တယ်  
ဒေါသနဲ့ တံတွေးတစ်ချက်ထွေးလိုက်မိတော့လည်း  
ငါပဲ ပူလောင်ခြင်းတွေ ရွှဲရွှဲစိုရပါလေရော

ချစ်သူရေ…  
ချစ်စိတ်တွေ အညှောင်းမိနေပုံက  
နာရီလက်တံတွေလည်း နှေး  
နားထောင်နေကျ သီချင်းတွေလည်း တစ်မျိုးကြီးဖြစ်နဲ့  
ကဗျာတွေပဲ ငေါက်ခနဲထထိုင်တယ်

နောက်ဆုံးတော့  
ငါလေ  
ဝေဒနာပြမြို့ရိုးမှာ  
အစိမ်းဖန့်ဖန့် လွှင့်လို့  
အလွမ်းဆိုတဲ့ စာလုံးပေါင်းကို အချစ်နဲ့ ထုစစ်နေလိုက်တော့တယ်။