အရှုံးသမား
Posted on May 7, 2009
ဟောဒီမှာလေ
အရှုံးသမားတစ်ယောက်ရဲ့ ကြေကွဲစတွေပေါ့
သိပ်သည်းဆတွေ ထုနဲ့ ထည်နဲ့…
ရိုက်ချခံလိုက်ရတဲ့ ငှက်လို
ရှက်စိတ်တွေ ရဲရဲနီလို့
ဒီတိုက်ပွဲမှာ ငါမရှုံးခဲ့ပါဘူးလို့ အော်ပြောနေလည်း
လက်နက်ချခဲ့ရတဲ့ လက်တွေက ဗလာနဲ့လေ
နာကျင်စရာတွေ မကျန်တော့အောင်ကို နာကျင်ပစ်လိုက်တာပေါ့
ရင်ဘတ်တစ်ခုလုံး ဂြိုလ်ပျက်ပဲ
တစ်စစီ ပဲ့ ကြေကွဲ လို့
အပြုံးနဲ့ လွှတ်ချနိုင်အောင် ကြိုးစားကြည့်တော့ ဘာရလဲ
ရိုးသားမှုတစ်ကျပ်နှစ်ကျပ်နဲ့ ဟန်ဆောင်ခြင်းရာထောင်ချီ
အရှုံးကို လက်ခံဖို့
ငါ့လက်တွေကို တင်းတင်းကျပ်ကျပ်ဆုတ်ပြီး ငြင်းမိပေါ့
ငါ့ကိုငါ ရာဇဝတ်မှု ကျူးလွန်နေပြီ …
ကောင်းကင်ကို မော့ကြည့်မိတော့
လ လည်း ပုံမှန်ပဲ
ကြယ်တွေလည်း အရင်အတိုင်းပဲ
လွယ်ထားရတဲ့ အရှုံးကလွဲရင်ပေါ့