သူငယ်ချင်းတွေနဲ့ တစ်ကွေ့

Posted on May 14, 2009
အားလုံးစွန့်ခွာသွားလည်း  
ရှိနေဦးမှာပဲဆိုတဲ့အတွေးနဲ့  
ငါလှုပ်ခတ်တိုင်း မင်းပဲ ကဗျာ။

၁၉၉၈ ခုနှစ်က ပိုးတုံးလုံးလေး  
၁၉၉၉၊ ၂၀၀၀၊ ၂၀၀၁၊ ၂၀၀၂ …  
ငါတို့ တောင်ပံတွေ ပြိုင်တူ ခတ်ခဲ့ကြ၊ သူငယ်ချင်းတွေ  
အဲဒီတုန်းက သိပ်စည်းလုံးခဲ့ကြတာ…  
ကဗျာဟာ ငါတို့အာဟာရ  
ကဗျာဟာ ငါတို့ယဉ်ကျေးမှု  
ကဗျာဟာ ငါတို့ရဲ့ မျှော်လင့်ခြင်းအနာဂတ်

အိမ်က ရာဇသံနဲ့ ပိတ်ပင်ထားတာတောင်  
ထွက်ဖြစ်အောင် ခိုးထုတ်ခဲ့ကြတဲ့ ကဗျာစာအုပ်တွေ…  
ရောင်းစရာလူမရှိလည်း  
အိတ်စိုက်ပြီး ရဲရဲထုတ်ဖြစ်ခဲ့တဲ့ ကဗျာစာအုပ်တွေ…  
အိပ်ရေးပျက်ညပေါင်းများစွာနဲ့  
ကိုယ်တိုင်စာစီရိုက် ကိုယ်တိုင်ဒီဇိုင်းဆွဲခဲ့ရတဲ့ ကဗျာစာအုပ်တွေ…  
ကျောင်းထုတ်ခံရဖို့ သီသီလေးလွတ်ရုံ သူငယ်ချင်းရေးခဲ့တဲ့  
အမှန်တရားတစ်ထပ်နဲ့ ကဗျာစာအုပ်…  
နောက်ထပ်…နောက်ထပ်တွေ…  
ငယ်ရွယ်တက်ကြွမှုနဲ့  
ငါတို့၊ ကဗျာမှာ လက်ရဲဇာတ်ရဲခဲ့ကြတယ်

အခုတော့ ဒါတွေဟာ  
ကြားကောင်းရုံပုံပြင်  
လက်ဖက်ရည်ဆိုင်ထိုင် ရှေးဟောင်းနှောင်းဖြစ်

တစ်ချို့က ကဗျာကို ဘီယာနဲ့လဲသောက်တယ်  
တစ်ချို့က နွေးထွေးတဲ့ မိသားစုဘဝမှာ  
ကဗျာကို မလိုအပ်တော့ဘူးထင်နေပြီ  
တစ်ချို့က ကဗျာကို မေ့တယ်/ မေ့ပစ်လိုက်တယ်  
တစ်ချို့ဆီမှာတော့ ကဗျာ ကွယ်တယ်

ဟေးးးးး  
ငါကပဲ ရူးမိုက်နေတာလား  
မင်းတို့ကပဲ လိမ္မာသွားကြတာလား  
သူငယ်ချင်းတို့ရေ  
မင်းတို့နေဝင်သွားသလောက်  
ငါကတော့ နေမြင့်နေဆဲ / ဆက်ပြီးနေမြင့်နေဦးမှာပဲလို့  
ငါ့ရဲ့ ကဗျာသွေးကို အရူးသွေးလို့ မင်းတို့ခေါ်ဝေါကြတော့မလို့လား  
ကဗျာဆိုတာ ငါ့စိတ်ရဲ့ သေရာပါ အသားပို…

ငါကတော့ဆက်ရေးတုန်းပဲ ကဗျာ။

_(ကဗျာကို စွန့်လွတ်သွားခဲ့ကြသော သူငယ်ချင်းများသို့ အမှတ်တရ)_