အိမ်

Posted on May 24, 2009
သိပ်နွေးထွေးတဲ့ အိမ်လေး… ငါနဲ့ဝေးရာဆီ ပြေးထွက်သွားတယ်  
ငါ့မှာ သူ့ရဲ့ ခြေရာလက်ရာလေးတွေ တသသနဲ့ ကျန်ခဲ့ရ  
နံနက်ခင်းရနံ့တွေ မလတ်ဆတ်တော့ဘူး

အိမ်မဟုတ်တဲ့ အိမ်တွေမှာ လူတွေဘာကြောင့် ဒီလောက်များနေရသလဲ  
ဆင်းရဲဒုက္ခကို သွေးနဲ့ မြည်းလို့  
ငါ… သူတို့သတ္တိတွေကို တလေးတစား ဦးညွတ်လိုက်ပါရဲ့

စိုင်းဝင်းမြင့်ရဲ့ လိုရာမရောက်တဲ့ သစ်ပင်  
ဆရာမြသန်းတင့်ရဲ့ ရွှေပြည်တော်မျှော်တိုင်းဝေး  
သူများစကားလုံးတွေ ငါယူသုံးတယ်  
ငါ့ရင်ဘတ်မှာ အံဝင်ဂွင်ကျ

လိုအပ်တဲ့ မိုက်မဲမှုက ရောက်မလာဘူး  
ဆင်ခြင်တုန်တွေ ထမ်းထားရတာ ပခုံးလဲ စုတ်နေပြီ  
သည်းညည်းခံမှုတွေက မွဲပြာပုဆိုး  
ဘဝက ပါးပါးလျလျ ဒိုးယိုပေါက် ဟောင်းလောင်း

တော်ပြီ!!!  
စေ့ဆော်တဲ့ စိတ်နဲ့ ငါလွှတ်ထွက်သွားတယ်  
အထိန်းအကွပ်မရှိတော့ဘူး  
ဖျားနာနေတဲ့ လူ့အဖွဲ့အစည်းရဲ့ အဝေးကို  
“ငါမှ ငါ”များရဲ့ အဝေးကို  
ငါ့အတ္တရဲ့ အဝေးကို

ပျောက်ဆုံးနေတဲ့ အိမ်လေးဆီကို …