အချိန်ကို ဖုန်ခါပြီး အမှတ်တမဲ့

Posted on May 29, 2009
အချိန်က အကောင်းဆုံး ဆေးတစ်ခွက်  
လူတွေက ဒီလိုပြောကြတယ်  
အမှန်တော့  
အချိန်က အကောင်းဆုံး ယိုယွင်းပျက်ဆီးခြင်းပဲ  
အချိန်က အကောင်းဆုံး သေခြင်းတရားပဲ

အချိန်ဆိုတာ  
ငါ့လက်ကြားထဲက လွတ်ထွက်သွားတဲ့ လေပြေလေးလိုပဲ  
ဘယ်တော့မှ ဖမ်းမမိခဲ့  
ငါတို့ဖြုန်းတီးခဲ့တဲ့ အချိန်တွေ…

ကဗျာမရေးခဲ့တဲ့အချိန်တွေကို နှမြောတယ်  
ရယ်မောခွင့်မရှိခဲ့တဲ့အချိန်တွေကို နှမြောတယ်  
ရယ်မောအောင်လုပ်မပေးနိုင်ခဲ့တဲ့ အချိန်တွေကို နှမြောတယ်  
ချစ်ခြင်းမေတ္တာမရှိခဲ့တဲ့ အချိန်တွေကို နှမြောတယ်

ဒီလိုနဲ့ … ဘဝဆိုတဲ့တွင်းနက်ကြီးက အချိန်တွေကို ဆုပ်ယူသွား  
အပြည့်ဝဆုံးအချိန်မှာမှ ပေါက်ကွဲပျက်ဆီး အသစ်ပြန်ဖြစ်  
ဒီလိုနဲ့ … နာရီတွေ တစ်လုံးပြီးတစ်လုံးပျက်သွားခဲ့

နောက်ဆုံးရထားတွေ တစ်စီးပြီး နောက်တစ်စီး…  
အမှောင်တွေမလာခင်  
ငါတို့ ခိုးယူထားခဲ့မိတဲ့ အချိန်တွေ ပြန်ဆပ်ဖို့  
အသေအချာ လိုအပ်ခဲ့ပြီ။