သူငယ်ချင်း

Posted on Jun 22, 2009
မင်းပျော်ချင်ယောင်ဆောင်တော့ ငါမှာ အနေရခက်တယ်  
ပူလောင်မှုကို ငါသိပါတယ်  
ငါအပါအဝင် လူတိုင်း၊  
အဲဒီပူလောင်မှုမှာ အေးအေးချမ်းချမ်းနေချင်ကြပါတယ်  
ဒါပေမယ့် မင်းကတော့ မအေးချမ်းဘူး  
မင်းခေါင်းမာမှုကတော့ မင်း “ထရိတ်မတ်” နဲ့မင်းပဲ  
ပတ်ဝန်းကျင်ကို မင်းရော ငါရော ခါးခဲ့တာ အတူတူ  
ကိုယ့်တော်လှန်မှုမှာ ကိုယ့်ဘာသာအောင်မြင်တယ်ထင်ခဲ့ကြတာချည်းပဲ  
ဒါပေမယ့်ကွာ  
မင်းယဉ်ကျေးမှု မင်းပြန်ဆန်းစစ်ဦး  
ကြားရတာတော့ မင်းအမေလည်း မျက်ရည်နဲ့ မျက်ခွက်  
မင်းညီလည်း မျက်နှာမကောင်းဘူး  
မင်းစကားတွေ ကျွံခဲ့သလား  
ကျောင်းတုန်းကလို အဆင်မပြေတိုင်း ဝူးဝူးဝါးဝါး လုပ်တုန်းလား  
မင်းပြေးဝင်ခဲ့တဲ့ ဘဝကို အဲဒီလို ရင်ဆိုင်လို့မရဘူးဆိုတာ မင်းသိကြောင်း ငါသိတယ်  
မင်းအင်တာနက်မှာ ဆော့နေကျ “ထောင်ထဲမှာ ရုန်းကန်ရတဲ့ ဂိမ်း” လို  
မလွယ်ကူဘူး၊ ခိုးဆော့လို့မရဘူး။  
မင်းဘာသာမင်းချည်မယ့် ကြိုးမှာ မင်းရှိရမယ့်သတ္တိကို  
ချီးကျူးစရာ ဂုဏ်ယူစရာဖြစ်အောင်လုပ်ရမှာ  
အခုတော့ မင်းက ခြေစုံကန်တယ်  
သူငယ်ချင်းတချို့က တအံတသြ  
သူငယ်ချင်းတချို့က လှောင်ရယ်  
သူငယ်ချင်းတချို့က ပက်ပက်စက်စက်ဝေဖန်တယ်  
ငါကတော့ မင်းရယ်သံတွေ နားထောင်ပြီး နာနာကျင်ကျင်  
မင်းတကယ်ရယ်နေတာလား  
ငါ သိတာပေါ့၊ မင်းခြေထောက်တွေငါမြင်နေရတာပဲ  
ငါတို့က ငယ်ငယ်တည်းကပေါင်းလာတဲ့ မြွေတွေပဲကွာ  
အခုအခြေအနေက မိုးထဲရေထဲမှာတဲ့လား  
အခိုက်အတန့်လေး သတိတော့ထားပေါ့ကွာ  
ဒီတွင်းဘယ်လောက်နက်နိုင်မှာမို့လဲ၊ ငါတို့ကပိုနက်ပြီးသားပဲမဟုတ်လား  
မင်းနဲ့ငါရဲ့ နောက်ဆုံးခွက် တစ်ချက်တည်းမော့တွေလိုပဲ ခပ်ပြင်းပြင်း  
နောက်တော့လည်း ဒါတွေက လူအိုကြီးတွေရဲ့ စမြုံ့ပြန်စရာဖြစ်လာမလား  
အခုတော့  
မင်းရဲ့ အပျော်တစ်ဝက် စိတ်ညစ်မှုတစ်ခြမ်းမှာ  
အပျော်မှာပဲ နေထိုင်နိုင်ပါစေ သူငယ်ချင်းရေ…။