ကလေးမြို့

Posted on Jun 24, 2009
ဂျိုးငှက်ငယ်လေးတစ်ကောင်လို  
သူ့အတောင်ပံထဲ သူ့ခေါင်းသူထည့်ဝှက်လို့  
မနက်ခင်းတုန်းက သူအိပ်မောကျနေလိုက်တာ တိတ်ဆိတ်လို့  
အခုတော့  
သူရုန်းကန်လှုပ်ရှားနေပုံက  
အသံပိတ်ထားတဲ့ အနှေးပြကွက်တွေလို  
မြို့လယ်ခေါင်က မြင်းစီးကြေးရုပ်ကြီးတောင်  
ဆိုင်ကယ်စီးသူ စက်ဘီးစီးသူတွေကို ကြည့်ပြီး  
စိတ်ပျက်လက်ပျက်ဖြစ်နေလိုက်တာ ကိုးယိုးကားယားကြီးပေါ့  
နေကြာပန်းတွေ ကျောခိုင်းရာအရပ်မှာ  
တောင်တွေအထပ်ထပ်ကို သူ့ဘေးပတ်ပတ်လည်မှာ နေရာချလို့  
သူ့အိမ်သေးသေးလေးကို သူ့ဘာသာသူဆောက်ပြီး  
မျှော်လင့်ချက်တွေ သီးပွင့်မယ့် မနက်ဖြန်ကို စောင့်လို့နေရှာတယ်လေ