ရန်ကုန်

Posted on Jul 22, 2009
“အထူး” မဟုတ်ရင် အထူးစုတ်တဲ့ ဘတ်စ်တွေ  
သူသေကိုယ်သေ ပြိုင်မောင်းတဲ့ ရန်ကုန်ပေါ့  
သစ်ပင်ကျိုးတိုးကျဲတဲနဲ့ ခေါင်းမွေးပြောင်နေပုံက  
နွေခေါင်ခေါင်မှာ  
အသက်ငင်နေတဲ့ မြွေတစ်ကောင်လို ဖျပ်ဖျပ်လူး

အလန့်တကြား လှုပ်ရှား  
ရန်ကုန်သူ ရန်ကုန်သားများရဲ့ ရှေ့တန်းစစ်မျက်နှာပြင်  
ဘဏ်မှာ ဆာလာအိတ်နဲ့ ငွေအပ်သူနဲ့၊ လမ်းဆုံတိုင်းမှာ တောင်းစားသူနဲ့  
အလုပ်နဲ့လက်နဲ့မပြတ်သူမပြတ်၊ အလုပ်က လက်မှာ မရှိသူမရှိ  
သူဌေးလား ခွေးလား ရန်ကုန်  
ဖြစ်ပျက်သမျှဟာ ကြုံရာကျပန်း

သူခိုးလက်ခံဆိုင်၊ ဘာမဆိုရတဲ့ မှောင်ခိုဈေးကွက်၊  
ကြိုက်ရာယူ ၁၀၀၀၊ တရုတ်စာလုံးအကြီးကြီးနဲ့ အပေါင်ဆိုင်၊  
လူတွေကားလမ်းပေါ်တက်လျှောက်ရတဲ့ ပလက်ဖောင်းဈေးသည်တွေ  
ကားလမ်းတွေပေါ်မှာ ကားမရပ်ရ ဆိုတော့ ပလက်ဖောင်းပေါ်တက်ရပ်တဲ့ကား၊  
လမ်းလျှောက်သူတွေကတော့ တဝီးဝီးကားလမ်းမပေါ်ဆင်းလျှောက်ပေးရပြန်တဲ့ရန်ကုန်  
ဘယ်နေရာကြည့်ကြည့် mp3, mp4, mobile phone ပြင်သည် ဆိုတာချည်းပဲ မြို့ထဲ

အင်းယျားရာဇဝင်ကိုလည်း မေ့ခဲ့ကြပြီ  
RC2လည်း အလယ်တန်းကျောင်းဖြစ်ခဲ့ပြီ  
ရှိသမျှအကုန်ရောင်း အိတ်ဟောင်းလောင်းနဲ့ ရန်ကုန်ပါ  
အနာက မကျက်ဘဲ အပေါ်ယံပဲတင်းနေတဲ့ ရန်ကုန်ပါ  
မကောင်းမှုကို ဇောင်းပေးခံရတဲ့ ရန်ကုန်ပါ

ဒေါသနဲ့ ဟာသနဲ့  
ဂတုံးပေါ် ဂတုံးက ထိပ်ကွက်  
လူမမာလို အသံရှုသံမမှန်  
ကောင်းကင်ကြိုးတန်းပေါ် လမ်းလျှောက်  
ရန်ကုန်ဟာ လေးထောင့်ဆန်တယ်ဆိုတာ သက်သေပြစရာမလိုတော့။ ။