လိပ်ပြာမလုံတဲ့သူ
Posted on Sep 7, 2009
ဟေ့လူ
ခင်ဗျားအဖြစ်က သနားစရာ
ကိုယ့်နောက်ကျောမှာဘယ်သူရှိသလဲ ခဏခဏလှည့်လှည့်ကြည့်
အဲဒီလောက်ဖြစ်နေရင် နောက်ပြန် လမ်းလျှောက်ပါလား
အခုတော့ ခင်ဗျားက ကြက်ကြီးလည်လိမ်
ဟေ့လူ
ကိုယ့်မျက်ချေး ကိုယ်မြင်မှာစိုးလို့ မှန်တောင်မကြည့်ဘူးတဲ့လား
ဘယ်လိုဘဝပေးမျိုးနဲ့ ရတဲ့ ရွှေဉာဏ်တော်ပါလဲနော်
ပုတ်ပုတ်သိုးသိုးနဲ့ ခင်ဗျားရုပ်ကို ရွှေချထားပါလား
ကျွန်တော်တို့မှာ ရယ်ချင်ပက်ကျိ
ဟေ့လူ
ငရဲပြည်ထိ အခေါ်ခံရမှာစိုးလို့
ဓာတ်လှေခါးတောင် သတိလက်လွတ်မစီးဘူးဆို
ဖြစ်နေလိုက်တာပြောပါတယ်
ကိုယ့်အကုသိုလ်ကို ကိုယ် အတော်စိတ်ချ
လိပ်ပြာလေးကိုတောင် လှန့်နေပြီလားဗျာ
ဟေ့လူ
လာမယ်ဆိုရင်
အပြစ်တွေ ပြောင်အောင်ဆေးခဲ့
ကိုယ့်နောက်ကျောကို လုံအောင်ဖုံးခဲ့
ရိုးသားမှုကို ကျောပိုးခဲ့
နောက်ဆို
ကျွန်တော်တို့ မျက်လုံးဒဏ်တွေအောက်မှာ
ခင်ဗျား သေတာထက်ဆိုးသွားလိမ့်မယ်။