သတိရခြင်း - ရန်ကုန်

Posted on Sep 23, 2009
ငါ့စိတ် အကိုင်းအဖျားလေးပေါ် ရန်ကုန်မြို့ကြီးလာနားတော့  
သတိရစိတ်တွေ ကွေးညွှတ်  
ငါ့တနင်္ဂနွေတွေ မိုးအုံးခဲ့ပြန်တယ်

မြို့ထဲလမ်းမတွေက အမှတ်တရ သိမ်းထုတ်ထားဖို့ ရှည်လျား  
မိုးရေထဲ လိမ်လိမ်မာမာလေး နှစ်မြုပ်နေမယ့် မြို့ကြီးပေါ့  
ငါ့ရဲ့ အိမ်လွမ်းနာမှာ မင်းက ဒဏ်ရာအစစ်ပါ ရန်ကုန်

လက်ရှိပြေးလမ်းနဲ့ တသားတည်းဆိုပေမယ့်  
အလွမ်းတွေက ထိုးထိုးထောင်ထောင်ရယ်ပါ  
ရန်ကုန်ရေ… မင်းဆီမှာ ကျန်ခဲ့တဲ့ ငါ့အိမ်မက်တွေ  
တစ်နေ့တော့ ငါပြန်လာယူမယ်

အခုတော့  
ပန်းဆိုးတန်း၊ အနော်ရထာ၊ ၂၆လမ်းတွေပေါ်  
လမ်းတွေလျှောက်နေချင်တယ်  
ငါ့စိတ်ကလေးပဲ လွှတ်လိုက်ပါရဲ့ ရန်ကုန်ရယ်  
နောက်မှ တွေ့မယ်။

_စိုင်းလောဝ်ပိန်း_

* * *

စိတ်ကိုင်းဖျားလေးပေါ်  
သူလာနားပုံက  
တစ်သက်ပတ်လုံးပြန်မပြေးတော့မယ့်ပုံ  
ယုံကြည်ချက်ငွေ့အသက်တွေနဲ့  
မိုးတွေညို့လိုက်လာခဲ့ပြန်တာ  
တစ်နှစ်ပတ်လုံးမိုးရာသီ…

တစ်နှစ်ပတ်လုံးရွာထားမှတော့  
အလွမ်းတွေက အပြိုင်းအရိုင်း  
ထင်တိုင်းကျဲပေါက်ရောက်နေခဲ့ပြီပေါ့  
ခုမှတော့ ..  
အိပ်မက်တွေကိုတစ်စစီသိမ်းထုတ်  
ကိုယ့်ဘာသာကိုယ်ယက်လုပ်ထားတဲ့  
ရန်ကုန်ကိုပဲ ခြုံယူဝတ်ဆင်  
ငါ့စိတ်တစပြင်ကိုငါ ယာယီလုံခြုံစေလိုက်ပြီ။

_မနော်ဟရီ_