လက်ရှိအခြေအနေ
Posted on Nov 27, 2009
ရာသီဥတု မကောင်းလို့
ငါတို့ အိမ်ထဲက အိမ်ပြင်တောင် မထွက်ဖြစ်ဘူး
ငါ့ဦးနှောက်တွေလဲ အေးခဲလို့
ငါ့ရဲ့ကဗျာတွေ ဘာဖြစ်သွားလဲ ဘယ်မှာလဲ
သက်ပြင်းငွေ့ငွေ့နဲ့
အရူးတစ်ပိုင်း၊ အရူးနှစ်ပိုင်း
တစ်လုံးမှ မူးမယ်ဆိုလဲ တစ်လုံးချကွာ
ငါကတော့ မသောက်ဘဲ ချာချာလည်တဲ့ကမ္ဘာမှာ
အမုန်းတွေ မရှိသင့်ဘူးဆိုတာကို ဟားတိုက်မယ်
လာရိတဲ့ သူငယ်ချင်းကို ပယ်ပယ်နယ်နယ် ဆဲမယ်
ဆင်ခြင်တုံတရားနဲ့ အိမ်ကိုလွမ်းမယ်
လေဒီဂါးဂါးနဲ့ ရှက်ကီရာကို သောက်မြင်ကပ်မယ်
ကိုယ်ဖက်ကို ကိုယ်ယက်ဖို့ ငါတို့မှာ ခြေနှစ်ဖက် လက်နှစ်ဖက်နဲ့
နှစ်ဖက်ရှတတ်တဲ့ မာနတွေနဲ့
ဘဝကို ခုတ်ထစ်ဖြတ်ပိုင်းပြီး တစ်ပိုင်းချင်းဆီ မဝေငှနိုင်ဘူး
မကျေနပ် လေဖြတ်ပေါ့
ဘဝတွေက အခြားကြီး
ကိုယ့်အပူ သူ့အပူ ဘာလို့ အကူးဆက်ခံမလဲဗျာ
နေသာသလိုနေ … ထမ်းမထားနဲ့ တဲ့
ဟုတ်ကဲ့
နေသာသလိုနေပါတယ်… ထမ်းမထားပါဘူး
သွေးကြောထဲ စီးဆင်းနေတဲ့ အပ်လိုပဲ
ဘယ်အချိန် နှလုံးသားကို ထိုးဆိုက်မလဲ
ဆိုက်ဆိုက်မြိုက်မြိုက်
ရာသီဥတုမကောင်းလို့ပါ
ဒီကဗျာကြောင့် ခေါင်းကိုက်သွားတယ်ဆိုလဲ
ခွင့်လွတ်ပါ သူငယ်ချင်းတို့
ကိုယ့်အပူ သူ့အပူ ဘာလို့ အကူးဆက်ခံမလဲဗျ… နော်