ဒီဇင်ဘာ
Posted on Dec 7, 2009
ဒီဇင်ဘာက ပြက္ခဒိန်ပေါ်ကနေ ငါ့ကို ပေစောင်းစောင်းကြည့်တယ်
ဟုတ်ပါ့… ငါကလည်း အမှတ်တမဲ့ မေ့နေတယ်
ရာသီဥတုကိုက သတိမမှုမိအောင် ပါးပါးလျလျပဲ ရွေ့သွားနေပေါ့
အံကျလာတဲ့ ခြောက်ကပ်ကပ်အအေးဓာတ်
ရုတ်တရက်ထိတွေ့လိုက်ရတော့မှ ငါလန့်သွားတယ် ဒီဇင်ဘာ
ဖြည်းဖြည်းအေးဆေးပေါ့…
အခုတော့ မင်းက ဝိဉာည်တစ်ကောင်လိုပဲ သိပ်ခြောက်လန့်တယ်
ငါမင်းကို ရပ်ပြီး ကြည့်ရှုခံစား မနေနိုင်ဘူး ဒီဇင်ဘာ
မနှစ်ကလို ငါမင်းကို ကြိုဆိုမှာမဟုတ်ဘူး
မနှစ်က ဒီဇင်ဘာနဲ့ ဒီနှစ် ဒီဇင်ဘာ
ငါက ပိုပြီး အဆိုးမြင်လာတယ်
ငါက ပိုပြီး အရိုင်းဆန်လာတယ်
မင်းက ထုံးစံအတိုင်း ဖျားနာမှုကို ဆောင်ကြည်းတယ်
ငါကလည်း ထုံးစံအတိုင်း နှာစေးတယ်
အဲဒီယဉ်ကျေးမှုကလွဲရင် … ကျန်တာတွေ
ကွာတယ် … အပုံကြီးကွာသွားတယ်
ငါတို့မှာ အားထားစရာ သစ်ပင်တွေ သိပ်ရှားသွားပြီ
နေကလည်း အညာအတာမဲ့ အပူကြီးပူနေပြီ
ငါတို့ သိပ်အလုပ်များနေတယ် ဒီဇင်ဘာ
မင်းဟာ အခြားလူတွေလိုပဲ ဖြတ်သွားဖြတ်လာ
ဒီထက် အခွင့်အရေး ပိုမရဘူး
အကွာကြီးကွာတဲ့ထဲမှာ ငါ့ရဲ့ နူးညံမှုတွေလည်း မာထန်ကုန်ပြီဆိုတာ
မင်းအခုတွေ့ရပြီ
ထားလိုက်တော့ .. ခွင့်လွတ်ဖို့ ငါ မတောင်းဆိုဘူး
ခပ်ရင့်ရင့်ဆိုပေမယ့် ခပ်နုနုလေး ခဏလောက် မင်းကို ငေးမောမိတာပါ ဒီဇင်ဘာရယ်
ဒီထက်ဘာမှ မပိုပါဘူး
အခု ငါတို့ သိပ်အလုပ်များနေတယ်
အခု ငါတို့မှာ လုပ်စရာတွေ အများကြီးကျန်သေးတယ်
ဟုတ်ကဲ့ … အခုလိုတွေ့ရတာ ဝမ်းသာပါတယ်
ဒါပေမယ့် ကောင်းသောညပါ ဒီဇင်ဘာ…။ ။
_2008_