သက်ပြင်းဟာ နွေဦးရဲ့လေပူတွေထက် ပူလွန်းတယ်

Posted on Dec 22, 2009
နွေဦးရေ  
သက်ပြင်းတွေနဲ့ မျောချနေရတဲ့ ငါ့ရဲ့စိတ်တွေမှာ  
မင်းပေးတဲ့ မီးတောက်တစ်ခုဆီကိုင်လို့  
အရူးသွေးထန်နေတဲ့ ကမ္ဘာမြေကို ချစ်စိတ်နဲ့ ငါငေးနေမိရဲ့

ခေတ်ကိုက အကောင်းမြင်ဝါဒီလုပ်မရတဲ့ ခေတ်လေ  
နာမည်ပျက်လေ ဂုဏ်တက်လေဆိုသူလဲ ရှိရဲ့  
သူများမျှော်လင့်ချက်ကို ခူးခပ်စားသောက်သူလဲ ရှိရဲ့  
ဝေဒနာပြင်းပြင်း ဒဏ်ရာပေါ်ကို ဓားနဲ့ခုတ်ချသူလဲ ရှိရဲ့

ပြောကြကြေးဆိုရင် ဆေးခါးကြီးတစ်ခွက်ပါပဲ  
ကြက်ခြေခတ်တွေနဲ့ စွေ့စွေ့နီလို့  
သွေးဆာနေတဲ့ နာရီတွေက အသက်ပါအောင်ကို ရှ တယ်။

ချစ်စိတ်ကြောင့်ပါပဲလေ  
ခေါင်းအခါခါ ခါမိ၊ သက်ပြင်းအခါခါ ချမိတာ  
ချစ်စိတ်ကြောင့်ပါပဲ  
ဒီလူတွေ ဆိုးယုတ်သမျှ ငါ့ရင်ဘတ်မှာ ဒဏ်ရာနက်နက်ကြီးတွေ ဖြစ်ဖြစ်သွားတာ  
ဒီချစ်စိတ်ကြောင့်ပါပဲလေ  
မနေနိုင်မထိုင်နိုင် ဒီကဗျာကို ရေးနေမိတာပေါ့

နွေဦးရေ…  
ငါတို့ကမ္ဘာမြေ …ဒီကျိန်စာကပျယ်ဖို့  
သွေးတွေ ဘယ်လောက်များများ ကုန်ဦးမှာလဲကွာ?