မင်းကတော့ စိတ်ထဲရှိရာပြောလိုက်တာပဲ ငါမှာတော့ ကဗျာ

Posted on Jan 4, 2010
မစခင်ကတည်းက  
အလွဲကြီးလွဲပြီး ဇာတ်သိမ်းသွားပါပြီ  
ဆိုတော့  
ဒီကဗျာကို ဆက်ဖတ်ဖို့ မလိုတော့ပါ။

လမ်းဘေးယဉ်ကျေးမှု  
စကားကြီးစကားကျယ်  
တယုတယ ထမ်းထားတဲ့ အယူအဆအလွဲ  
မင်းကိုသိစေချင်တယ် ညီလေးရေ…  
ဆန့်ကျင်တဲ့အတွေးအခေါ်တိုင်း ဖောက်ထွက်တဲ့အတွေးအခေါ် မဟုတ်ဘူး

တစ်ခါတစ်လေ ဘေးဘီကို လှည့်လှည့်ကြည့်ပါဦး  
မင်းကတော့ လက်ဖက်ရည်ဆိုင်ထိုင်နိုင်မယ်  
ဘီယာဆိုင် ထိုင်နိုင်မယ်  
အဲဒါနဲ့ပဲ အယူအဆအလွဲကြီးကို ကောက်မထမ်းလိုက်ပါနဲ့  
အချို့ဆို လမ်းဘေးပလက်ဖောင်းပေါ်မှာတောင် မထိုင်နိုင်ဘူး

ငါတို့ ဦးနှောက်တွေ စနစ်တကျ အဖျက်ဆီးခံနေရတာပါ  
ငါတို့ အလျင်အမြန် ပြန်တည်ဆောက်ရမယ်  
ဒါပေမယ့်  
အဆိပ်ခတ်တဲ့လက်ကိုမှ ပြေးနမ်းတဲ့ မင်း  
မင်းနဲ့ငါ၊ ငါနဲ့မင်း \- လှလှပပကြီး ကွဲကြလေသတည်းပေါ့

မတူညီမှုတွေရှိမှ ညီမျှခြင်းတွေ တန်ဖိုးတက်ခဲ့  
ဆန့်ကျင်ဘက်ထဲ ငါတို့တွေကို ကြဲချလိုက်ပေါ့  
မစခင်တည်းက လွဲခဲ့ကြတယ်။