အဓိပ္ပာယ်တွေ ရှာမရတော့တဲ့အခါ... ကဗျာ

Posted on Feb 7, 2010
ရေခိုးရိုက်နေတဲ့ မှန်တစ်ချပ်လိုပဲ
အနာဂတ်တွေက ဝေဝါး - ဝေးဝေးမမြင်နိုင်
အချိန်မှန်ပျက်တတ်တဲ့မီးလိုပဲ
ကံဆိုးခြင်းက အချိန်မှန်ထက်စောစောပြီး ရောက်ရောက်လာ - တစ်ခါတစ်လေ တစ်နေကုန်
ဒီလိုနဲ့ ကမ္ဘာကြီးလည်နေပါတယ် - ယုံ။

အုံ့မှိုင်းမှောင်မိုက်တဲ့စိတ်ကောင်းကင်
ငါတို့ဆီမှာ
ပိတ်ထားတဲ့ တံခါးတွေက ခပ်များများ
တွန်းဖွင့်လိုက်ဖို့လက်တွေက နည်းလွန်း
အတ္တတွေ အရိုင်းဆန်လိုက်ပုံများပြောပါတယ်
ကျွန်ဖြစ်လည်း ကျွန်ပါးတော့ ဝ လိုက်ချင်သေးတယ်

ကိုယ် - စိတ်
ဖျားနာခြင်းမှာ မကြာ မကြာ ယဉ်ပါး
ငါတို့က ဒဏ်ရာစုဆောင်းသူ
ငါတို့က ကြမ်းပေါ်ကျကွဲတဲ့ ကြက်ဥပါး
ကြေကွဲစတိုင်း သွေးရဲသားရဲ လှရဲ့

အစာချောင်းနေတဲ့ ကျီးတွေ သိပ်များလွန်းတဲ့ ကမ်းခြေပါ
ငါတို့ရဲ့ သွေးရဲသားရဲတွေ လုံခြုံအောင် ဖွက်ထားလိုက်ကြ
ရာသီဥတုက အခုအချိန်ထိ မကောင်းနိုင်သေးဘူးရယ်။