ဟေး ဒီဇင်ဘာ

Posted on Dec 13, 2018
ကမ္ဘာတစ်ဖက်ခြမ်းက နှင်းတွေဟာ ခါးနေတုန်းလား
ဒီမှာတော့ မိုးရေတွေ ခါးလို့ ဒို့လူအုပ်ကြီး ပျော်နေကြတာ မြင်မကောင်းဘူး
ဖျားလို့၊
နာလို့၊
ငါသေချင်တယ်၊ ငါသေချင်တယ်၊ အဆက်မပြတ် အော်လို့
ဒို့လူအုပ်ကြီး ပျော်နေတာ မြင်မကောင်းဘူးလေ
မိထွေးဘုရင်မကြီးက စနိုးဝိုက်လေးကို အဆိပ်ခတ်ထားတဲ့ မိုဘုန်းဖုန်းလေး ပေးလိုက်တာတွေ့တော့
ဒို့လူအုပ်ကြီးက သဘောအကျကြီးကျပြီး ပြုံးနေလိုက်တာ
နေဝင်ချိန်အိပ်တန်းတက် ငှက်အုပ်တွေကိုတောင် ကြည့်ဖို့ မေ့နေခဲ့ပြီတဲ့လေ
့ဒီပုံပြင်ထဲက စကားလုံးတွေဟာ သားသတ်သမားရဲ့ဓားတွေလို လူအုပ်ကြီးကို ထိရှနေလိုက်တာ
လူအုပ်ကြီးခမျာမှာ ပျားအုံကြီးလို တစ်အုံးအုံး တုံခါလို့
အင်ဂျင်အိုကြီးလို တဒိုင်းဒိုင်း မြည်ဟီးလို့
အမှောင်မိုက်ထဲ လူအုပ်ကြီးဟာ ပျော်လို့ပေါ့
ပုံပြင်ကတော့ စက္ကန့်လက်တံတွေကြား အပိုင်းပိုင်း ပြတ်ရရှာ။

ဟေး ဒီဇင်ဘာ
နှင်းတွေကို မလာနဲ့တော့လို့ ပြောလိုက်တော့။

၁၃/၁၂/၂၀၁၈ ညနေ ၆း၄၀