မင်းရပ်နေတဲ့နေရာဟာ နေဝင်ချိန်အလင်းပြောက် မရောက်နိုင်ဘူး

Posted on Jul 23, 2026
သတိရလို့ မော့ကြည့်တော့
နေဝင်ချိန်က လွန်ခဲ့ပြီ
ငါ နောက်ထပ် ဘယ်လောက်များများ လွဲချော်ရဦးမလဲ
စက်သွားတွေက အင်တိုက်အားတိုက် လည်ပတ်ဆဲ
အိမ်အမှတ် ၃၅ ဟာ ငါ့ရင်ကို မြင်းရိုင်းတစ်ကောင်လို ခြေစုံကန်တယ်
စစ်ကြီးအတွင်းမှာ မွေးတဲ့ လောက်ကောင်တွေလေ
အဆင်ပြေပါတယ် ပျော်ပါတယ်ပေါ့
ကမ်းဝေးငှက်လိုပဲ ငါ့စိတ်အားငယ်ရပုံများ 
ပင်လယ်ကြမ်းပြင်ရဲ့ အနက်ရှိုင်းဆုံးမှာ ဖွက်ထားလိုက်တာပေါ့
ပျော်နေမယ်ဆိုတာ ယုံတယ်ဟုတ်
ဟန်ဆောင်တတ်ဖို့ နာကျင်မှုတွေကို အေးခဲထားခဲ့တာ ကြာပြီပဲ
ရေတံခွန်အောက်ရောက်ရင် ပြန်ဆုံကြမယ်ဆိုတဲ့ ရေမှုန်ရေမွားလေးတွေလည်း
အောက်ခြေမဲ့ ရေတံခွန်ထဲ ခုန်ချရင်း ဘယ်ရောက်သွားကြပြီလဲ
တင်းထားတယ်ဆိုပေမယ့် လှုပ်ခတ်လိုက်ဖို့ဆိုတာ လေတစ်မှုတ်စာပါပဲ
ဒဏ်ရာဓားသွားတွေက ရွာချလိုက်ဖို့ အဆင်သင့်ရယ်

ဘာဖြစ်ဖြစ်လေ
မမီလိုက်တဲ့ ညနေခင်းမှာ တို့တွေ ပြန်ဆုံကြမယ်။

၂၃-၀၇-၂၀၂၆ ည ၉း၀၀