သူငယ်ချင်းတွေနဲ့ တစ်ကွေ့
အားလုံးစွန့်ခွာသွားလည်း ရှိနေဦးမှာပဲဆိုတဲ့အတွေးနဲ့ ငါလှုပ်ခတ်တိုင်း မင်းပဲ ကဗျာ။ ၁၉၉၈ ခုနှစ်က ပိုးတုံးလုံးလေး ၁၉၉၉၊ ၂၀၀၀၊ ၂၀၀၁၊ ၂၀၀၂ … ငါတို့ တောင်ပံတွေ ပြိုင်တူ ခတ်ခဲ့ကြ၊ သူငယ်ချင်းတွေ အဲဒီတုန်းက သိပ်စည်းလုံးခဲ့ကြတာ… ကဗျာဟာ ငါတို့အာဟာရ ကဗျာဟာ ငါတို့ယဉ်ကျေးမှု ကဗျာဟာ ငါတို့ရဲ့ မျှော်လင့်ခြင်းအနာဂတ် အိမ်က ရာဇသံနဲ့ ပိတ်ပင်ထားတာတောင် ထွက်ဖြစ်အောင် ခိုးထုတ်ခဲ့ကြတဲ့ ကဗျာစာအုပ်တွေ… ရောင်းစရာလူမရှိလည်း အိတ်စိုက်ပြီး ရဲရဲထုတ်ဖြစ်ခဲ့တဲ့ ကဗျာစာအုပ်တွေ… အိပ်ရေးပျက်ညပေါင်းများစွာနဲ့ ကိုယ်တိုင်စာစီရိုက် ကိုယ်တိုင်ဒီဇိုင်းဆွဲခဲ့ရတဲ့ ကဗျာစာအုပ်တွေ… ကျောင်းထုတ်ခံရဖို့ သီသီလေးလွတ်ရုံ သူငယ်ချင်းရေးခဲ့တဲ့ အမှန်တရားတစ်ထပ်နဲ့ ကဗျာစာအုပ်… နောက်ထပ်…နောက်ထပ်တွေ… ငယ်ရွယ်တက်ကြွမှုနဲ့ ငါတို့၊ ကဗျာမှာ လက်ရဲဇာတ်ရဲခဲ့ကြတယ် အခုတော့ ဒါတွေဟာ ကြားကောင်းရုံပုံပြင် လက်ဖက်ရည်ဆိုင်ထိုင် ရှေးဟောင်းနှောင်းဖြစ် တစ်ချို့က ကဗျာကို ဘီယာနဲ့လဲသောက်တယ် တစ်ချို့က နွေးထွေးတဲ့ မိသားစုဘဝမှာ ကဗျာကို မလိုအပ်တော့ဘူးထင်နေပြီ တစ်ချို့က ကဗျာကို မေ့တယ်/ မေ့ပစ်လိုက်တယ် တစ်ချို့ဆီမှာတော့ ကဗျာ ကွယ်တယ် ဟေးးးးး ငါကပဲ ရူးမိုက်နေတာလား မင်းတို့ကပဲ လိမ္မာသွားကြတာလား သူငယ်ချင်းတို့ရေ မင်းတို့နေဝင်သွားသလောက် ငါကတော့ နေမြင့်နေဆဲ / ဆက်ပြီးနေမြင့်နေဦးမှာပဲလို့ ငါ့ရဲ့ ကဗျာသွေးကို အရူးသွေးလို့ မင်းတို့ခေါ်ဝေါကြတော့မလို့လား ကဗျာဆိုတာ ငါ့စိတ်ရဲ့ သေရာပါ အသားပို… ငါကတော့ဆက်ရေးတုန်းပဲ ကဗျာ။ _(ကဗျာကို စွန့်လွတ်သွားခဲ့ကြသော သူငယ်ချင်းများသို့ အမှတ်တရ)_
အရှုံးသမား ၃
ကိုယ့်မှာတော့ ထမ်းထားလိုက်ရတဲ့ မျှော်လင့်ချက်ကြီး ပျော်ရွှင်ခြင်းတွေ တောင် မြေကြီးနှစ်ဝင်သွားတဲ့အထိ ဘဝရဲ့အကိုင်းအခက်တစ်ချို့တောင် ဆွေးမြေ့ပုပ်ရိသွားတဲ့အထိပေါ့ ပြီးတော့လည်း ရိုက်ချခံရ ဘဝတစ်ခုလုံး ငါ့နှလုံးသားထဲမှာ ပြန့်ကျဲလို့ မှန်ကွဲစတွေလို အသားစိုက် မြှားရိုင်းတွေလို ထုတ်ချင်းခတ် ငါ့ရဲ့ အသုံးမကျတဲ့ ဦးခေါင်းဟာလဲ ကမ္ဘာလို ချာချာလည်ခဲ့ပြီ။
အရှုံးသမား ၂
မနက်ဖြန်မှာ ပြန်မွေးဖွားဖို့အတွက် ညက ငါ့ကို ကိုယ်ဝန်ဆောင်ထားတယ် ဘယ်လိုသေချာခြင်းမျိုးတွေနဲ့ ပြန်လည်ထောင်မတ်ရမလဲ လဲကျသူမှာ အရှက်ပြေ အရှုံးကိုကောက်ယူလို့ နာကျင်ခြင်းသားပေါက်နှုန်းတွေ တရိပ်ရိပ်တက်လို့ သက်ပြင်းတွေလည်းပွက်ပွက်ဆူကုန်ပြီလေ
အရှုံးသမား
ဟောဒီမှာလေ အရှုံးသမားတစ်ယောက်ရဲ့ ကြေကွဲစတွေပေါ့ သိပ်သည်းဆတွေ ထုနဲ့ ထည်နဲ့… ရိုက်ချခံလိုက်ရတဲ့ ငှက်လို ရှက်စိတ်တွေ ရဲရဲနီလို့ ဒီတိုက်ပွဲမှာ ငါမရှုံးခဲ့ပါဘူးလို့ အော်ပြောနေလည်း လက်နက်ချခဲ့ရတဲ့ လက်တွေက ဗလာနဲ့လေ နာကျင်စရာတွေ မကျန်တော့အောင်ကို နာကျင်ပစ်လိုက်တာပေါ့ ရင်ဘတ်တစ်ခုလုံး ဂြိုလ်ပျက်ပဲ တစ်စစီ ပဲ့ ကြေကွဲ လို့ အပြုံးနဲ့ လွှတ်ချနိုင်အောင် ကြိုးစားကြည့်တော့ ဘာရလဲ ရိုးသားမှုတစ်ကျပ်နှစ်ကျပ်နဲ့ ဟန်ဆောင်ခြင်းရာထောင်ချီ အရှုံးကို လက်ခံဖို့ ငါ့လက်တွေကို တင်းတင်းကျပ်ကျပ်ဆုတ်ပြီး ငြင်းမိပေါ့ ငါ့ကိုငါ ရာဇဝတ်မှု ကျူးလွန်နေပြီ … ကောင်းကင်ကို မော့ကြည့်မိတော့ လ လည်း ပုံမှန်ပဲ ကြယ်တွေလည်း အရင်အတိုင်းပဲ လွယ်ထားရတဲ့ အရှုံးကလွဲရင်ပေါ့
အလွမ်းကို လုံးကြီးတင်ထားတဲ့မြို့
ချစ်သူအကြောင်း မြို့ကြီးကိုပြောပြတော့ ဒဏ်ရာအနာတရနေရောင်ခြည်အောက်က အလွမ်းထည့်ခပ်ထားတဲ့ ကျုံးရေတွေတောင် ပွက်ပွက်ဆူကုန်တယ် သတိရစိတ်က မီးလျှံငှက်တစ်ကောင်လေ သူထ, ထပျံလိုက်တိုင်း သောကဖုန်တွေနဲ့ အတော်ကြာအောင် အနည်မထိုင်ဖြစ်နေခဲ့ရတာ ငါပေါ့ ဖုန်းတွေကို အားကိုးမရတဲ့နေ့ အိပ်မက်တွေသာ ဝေးဝေးရောက်သွားတယ် ငါတို့ အသံတွေကတော့ ဆွံ့အခဲ့ရ အလွမ်းစွန် အဆွေးအဖျားမှာ ချစ်သူ့နာမည်ကို တိုးတိုးတမ်းတမိတော့ လိပ်ခွေနေတဲ့ ပက်ကြားအက်လမ်းမတွေက လှောင်ရယ်, ရယ်တယ် ဒေါသနဲ့ တံတွေးတစ်ချက်ထွေးလိုက်မိတော့လည်း ငါပဲ ပူလောင်ခြင်းတွေ ရွှဲရွှဲစိုရပါလေရော ချစ်သူရေ… ချစ်စိတ်တွေ အညှောင်းမိနေပုံက နာရီလက်တံတွေလည်း နှေး နားထောင်နေကျ သီချင်းတွေလည်း တစ်မျိုးကြီးဖြစ်နဲ့ ကဗျာတွေပဲ ငေါက်ခနဲထထိုင်တယ် နောက်ဆုံးတော့ ငါလေ ဝေဒနာပြမြို့ရိုးမှာ အစိမ်းဖန့်ဖန့် လွှင့်လို့ အလွမ်းဆိုတဲ့ စာလုံးပေါင်းကို အချစ်နဲ့ ထုစစ်နေလိုက်တော့တယ်။
ဇနီးသည်များ
ဇနီးသည်တစ်စု ဝိုင်းဖွဲ့စုမိကြတဲ့အခါ ပြောကြတယ် ကုန်ဈေးနှုန်းတွေအကြောင်း ကုန်စည် ပစ္စည်းသစ်တွေအကြောင်း ခင်ပွန်းသည်ရဲ့ အလုပ်အကိုင်အခြေအနေအကြောင်း သားရေးသမီးရေးအကြောင်း နောက် ရွှေငွေ ရတနာတွေအကြောင်းနဲ့ ရယ်စရာမောစရာတွေ … ထပ်ကာ… ထပ်ကာ… အခြားဇနီးသည်တစ်စု တွေ့ဆုံမိကြတဲ့အခါ ပြောကြတယ် လမ်းခရီးအခြေအနေတွေအကြောင်း ခရီးစရိတ်၊ ကုန်ကျစရိတ်တွေအကြောင်း ခင်ပွန်းသည်ရဲ့ ကျမ်းမာရေးနဲ့ စိတ်အခြေအနေအကြောင်း နိုင်ငံနဲ့ ကမ္ဘာအရပ်ရပ်က ဖြစ်ရပ်တွေအကြောင်း နောက် အားပေးစကားတွေနဲ့ လေးထောင့် နံရံတံတိုင်းတွေအကြောင်း … ထပ်ကာ… ထပ်ကာ…
အမေ တ တေး
အထာကိုင်တယ်ဆိုပေမယ့် ဗလာဆိုင်လေးမှာထိုင်နေတာပါ အရှုံးကို တွက်ကြည့်တယ်။ အဝင်အထွက်မမျှဘူး။ စာရင်းမကိုက်ဘူး။ မေမေရေ… သားရဲ့အဓိပ္ပာယ်တွေတော့ ယွန်းကုန်ပြီထင်တယ် ခေတ်ရဲ့ဘေးထွက်ပစ္စည်းတော့ အဖြစ်မခံနိုင်ဘူး မေမေ မြောင်းဆိုးမြောင်းပုပ်ဆိုပေမယ့်လဲ ဖြတ်စီးရဲရမယ် ပင်လယ်ဆီ အခုတော့ ပတ်ကျိလို ကွေး၊ တုံ့ဆိုင်း၊ ထုံထိုင်း ကိုယ့်ကိုကိုယ်အားမရမှုက ကိုယ်ကိုကိုယ်သေကြောင်းကြံစည်မှု ကိုယ့်ကိုကိုယ်နှစ်သိမ့်မရတော့လည်း ကိုယ့်ကိုကိုယ် အမွေပြတ်စွန့်လွတ်လိုက်တယ် ဒီမှာလေ နောက်ပြန် လှည့်ကြည့်လွန်းလို့ အနာဂတ်ကို ကျောပေးမိသလိုဖြစ်နေပြီ ဒီမှာလေ နာကျင်မှုကိုမှ တယုတယလွယ်ထမ်းထား ဒီမှာလေ မျက်ရည်နဲ့မျက်ခွက်အထီးတစ်ကောင် မေမေရေ… ဘယ်နေရာမှာ မှားနေပြီလဲ။
တော်တော်မူးနေတဲ့ ကဗျာ
လူကသာ မဟန်တော့တာ ငါ့ရဲ့စိတ်တွေက လတ်ဆတ်နေတုန်းပဲ လေးပင်အိကျနေတဲ့ မျက်ခွံတွေ ငါဆွဲမပြီး ဘောပင်ကို ဖွင့်တယ် ငါ့ရဲစိတ်ထဲမှာ ဗလာ အဲဒီ ဗလာ ကိုပဲ ငါရေးချလိုက်တော့တယ် ကဗျာ
ငါရူးသွားတဲ့တစ်နေ့
ဒီနေ့တော့ ငါရူးနေတာပဲဖြစ်မယ် မျက်စိနဲ့ တွေ့သမျှ ဘယ်အရာမှ မူမမှန်ဘူး သိပ်တုံးတဲ့ပုံဖမ်းထားတဲ့ လူလည်စကားလုံးရှင်တွေ ကားအကောင်းစားမောင်းနေတဲ့ အကြွေးထူသူတွေ အရိုးပြိုင်းပြိုင်း အမြစ်ရှည်ရှည်သစ်ပင်ပိန်တွေ ငါတို့လမ်းထဲက နဂို အရူးတောင် ဒီနေ့ အရင်ကလောက် မရူးဘူး ဒီနေ့တော့ ငါရူးပြီပဲ ကျီးတစ်ကောင်က ငါ့စိတ်ပေါ်မှာမှ လာနားပြီး တအာအာ ပေါက်ပေါက်ရှာရှာ ငါ့စိတ်ထဲ ဘယ်က ဧည့်သည်လာမလဲ တိမ်တွေ… မိုးအုံ့ ရန်ကုန်… အပူကျွမ်းနေတဲ့ မက္ကဆီကို ခေါင်မိုးပေါ်က အုတ်နီခဲကျိုး… connectionတွေ ကွေးကောက် ငါ့အော်သံတွေ အဓိပ္ပာယ်တစ်ခုမှ ဖြစ်မလာ ငါမပြောခဲ့တာ ငါ့စကားဖြစ် အမေပြောတော့ အရင်နေ့တွေထက် ဒီနေ့ နင်ပိုရူးနေတယ်တဲ့ ဒီတော့ ဒီနေ့ ငါ အသေအချာကြီးကို ရူးတယ် အပြင်းစားလောင်ကျွမ်း ဘုရားရှိခိုးသံများ ငါ့အတွက်တွေ အထပ်လိုက်ဆုတောင်း ဒီနေရာကိုရောက်ဖို့ ဘုရားက လွတ်ချခဲ့တာလား၊ ငါတို့က ခုန်ဆင်းခဲ့တာလား အရူးကို သူရူးထဲမှာမတွေ့တော့ ဒီလူ ရူးနေတာ သေချာသွားပြီလား အဖြေမရရင် စဉ်းစားမနေနဲ့တော့၊ ကဗျာပြီးအောင် မြန်မြန်ရေး ခဏနေ ဇာတ်လမ်းတွဲတွေ ကြည့်ရဦးမယ် အဲဒီထဲက ကောင်တွေက ငါ့ထက်ပိုရူးနိုင်မလား ငါကြည့်စမ်းမယ်လေ။
ဖြစ်ကတတ်ဆန်း
ပြီး, ပြီးရောက စာသားရေးတယ် စိတ်မရှည်က ဆိုင်းဘုတ်ဆွဲ ကြော်ငြာပါပြီ ဖြစ်ကတတ်ဆန်း နောက်တော့ သည်းမခံနဲ့တွေ့တယ် ကိုယ်လျှာကို ကိုယ်ပြန်ကိုက်မိခြင်းမှာ ကိုယ့်ပါးကို ကိုယ်အကြိမ်ကြိမ်ရိုက် ဒေါသဖြစ်နေလိုက်တာ လွန်ရော ဆဲထည့်လိုက်ပါပြီ ဖြစ်ကတတ်ဆန်း နောက်ဆုံး ခြေမြန်လက်မြန်က မသေမချာပြပွဲကို တင်ဆက်တယ် အရှိန်အဟုန်နဲ့ ဒဏ်ရာတွေကစဉ်ကလျား ခင်းကျင်းပြသ ရရှိလိုက်ပါပြီ ထောပနာ ဖြစ်ကတတ်ဆန်း ဖြစ်ကတတ်ဆန်းအကြောင်း ငါမရေးချင်ဘူး ရောဂါတွေ အဆီအငေါ်မတည့် အစိမ်းလိုက်အစားခံလိုက်ရတဲ့ သားကောင်လို ဖြစ်ကတတ်ဆန်း ငါ့ကဗျာ