အဖေ့အတွက် ကဗျာ
နေထိုင်ရမှုပုံစံက ဖြတ်ညပ်ကပ်ထားသလို ဖုထစ် လွတ်ငြိမ်းချမ်းသာခွင့်က ကြွေမကျတဲ့အဝေးကကြယ် ဒီလိုနဲ့ပဲ နေ့ရက်တွေ ဒီရေတက်လာကြပြီ စိတ်ဓာတ်အားပြိုင်တဲ့ပွဲမှာ ဘယ်တော့မှ နောက်ပြန်မစီးဆင်းဘူး သွန်ပစ်ခဲ့တဲ့ မိုးခါးရေတွေ ပင်လယ်ဖြစ်လိုက်ကြပေါ့ အပြစ်ဒဏ်တွေကို ရယ်မော ဟားတိုက် ဒဏ်ရာက လှတယ်လား မျှော်လင့်ချက်တွေတော့ တဖွေးဖွေးနဲ့ လျှံကျလို့ ဒီလို ဖုန်းဆိုးမြေမှာမှ ဒီလို သစ်ပင် (ငါ့တို့ အရိပ်ရ အသီးစားဖို့တဲ့) သွေးနဲ့ ချွေးနဲ့ ရှင်သန်ပေါ့…။ ။…
သော့တစ်ချောင်းကိုကိုင်ပြီး တံခါးပေါက်များစွာမှာ ငိုင်
ဘယ်ကို ရွေ့သွားပြီလဲ နောက်နေ့တွေဆိုတာ မသေချာတော့ဘူး အမှောင်က လွှတစ်ချောင်းလို တိုက်စား ခက်ထန်ခြင်းများက အနံ့တထောင်းထောင်းထ ဒီအဓိပ္ပာယ်ကို ဘယ်လိုစာလုံးပေါင်းရပါ့မလဲ အခုရေးခဲ့သမျှ တောင်စဉ်ရေမရ အကြမ်းတွေချည်းပဲ အဆင့်မမီတဲ့ စာကြောင်းဆိုတာ ဘယ်လိုမျိုးကို ဆိုလိုသလဲ ဥပမာနဲ့ ရှင်းလင်းပြသလို့ နွေကတော့ မရောက်ခင်ထဲက အသားနီလန်နေပြီ သစ်ပင်တစ်ပင်မှာတောင် လေကြမ်းတိုက်သမျှ အဖျားကပဲ ကယောက်ကယက် ဆားကစ်ပေါ်က ပြာယာခတ်နေတဲ့ လျှပ်စီးပတ်လမ်းတွေ စိတ်ကို စိတ်နဲ့ ရှော့ ရိုက် လေပြေလေးတွေတောင် ချွေးစို့စို့ အဆင်ပြေကြောင်းစာတွေတော့ အစောင်ပေါင်းမြောက်မြားစွာ လက်ခံရရှိပါတယ် အဲဒါဟာ အဆင်မပြေတာကိုဆိုလိုကြောင်း သူလဲသိ ငါလဲသိ နှလုံးခုန်သံကို သက်ပြင်းတွေနဲ့ မျို/မျောချနေရ ရေးပြီးသားစာကြောင်းတွေ ပြန်မဖျက်ပစ်ချင်တော့ဘူး/ ပြန်ဖျက်ပစ်ဖို့ပျင်းလွန်း နေရတာနဲ့ ရယ်ရတာက ကပေါက်တိကပေါက်ချာနဲ့ တပေါက်ချိကပေါက်ချာ တကယ်မရယ်ရတဲ့ဟာသကို ရယ်တယ် တကယ်ရယ်ရတဲ့ဟာသကိုတော့ ခပ်တည်တည်လုပ်လို့ ငါ့အသုဘဖိတ်စာ ငါကိုယ်တိုင် ရိုက်သွားခဲ့ရရင် ကောင်းမလား အင်… ရေးတာလဲတော်တော်ရှည်နေပြီ၊ စာကိုဒီမှာပဲ ရပ်လိုက်ကြစို့ အဓိပ္ပာယ်တစ်ခုဆီကို မရည်ရွယ်တဲ့ကဗျာ အခုရေးခဲ့ပြီ…
ညနေအသစ်တွေ
ညနေအသစ်က လှတယ် … နာနာကျင်ကျင် အဓိပ္ပာယ်မဲ့လွန်းလို့ နှစ်တွေတောင်ကွဲရှကုန်တယ်… ကြေကြေကွဲကွဲ မခံနိုင် ရှိရိုးလား… ခေါင်းဖြတ်ခံရတဲ့သူကိုမှ ဂုတ်ထပ်ချိုးတယ် အကြိမ်ကြိမ်အခါခါ သေဆုံးခြင်းမှာ ငါတို့ ရှင်သန်ကြရ ကယောက်ကယက်အိပ်မက်တွေတောင် အသံမကျယ်ရဲဘူးတဲ့ ကွဲခဲ့ရတဲ့ နှလုံးသားတွေ ဖြန့်ခင်း ငါတို့သွေးကြောထဲမှာ လင်းတဲ့ လွတ်လပ်ခြင်းတွေရဲ့ ပျံသန်းခွင့် ခေတ်က ခေတ်ကို အဓိပ္ပာယ်လွဲ၊ အယူမှား အဖြေရှိရက်နဲ့ အဖြေမရခဲ့တဲ့ မေးခွန်းပေါင်းများစွာ ငါတို့ မူးသမျှ စိတ်တိုင်းကျ အန်ချလို့မရခဲ့ဘူး (၄)နှစ်… ညနေအသစ်တွေ တဖျတ်ဖျတ် လွင့်ထွက်အိုဟောင်းသွား ဆုပ်ကိုင်ထားသမျှ ထိုးထွက်လာတဲ့ သံသယတွေကို ဖိသိပ် ဘဝဆိုတဲ့ တိုလီမုတ်စလေးက အဓိပ္ပာယ်မဲ့တယ်ဆိုတာထဲ ထဲထဲဝင်ဝင်…။ ။…
ဟိုအရင်ကဒုက္ခ အခုတော့ လွမ်းမောစရာဟာသ
မနက်အစောကြီး မထချင်ဘူးလို့ တညည်းညည်းတညူညူ တစ်တိုးတိုးတစ်ဝှေ့ဝှေ့နဲ့ပဲ ကျောင်းရောက်ခဲ့ နယ်နှင်ခံဒုက္ခတွေရဲ့အထာနဲ့ ကျောင်းက ရူးလောက်အောင် နေပူတယ် နေပူထဲ အပျက်ပျက် တကျက်ကျက်နဲ့ပဲ ကိုယ်တိုင်ပျိုးအရိပ်တွေမှာ တစ်ပြုံးပြုံးနဲ့ ခိုတယ် ကန်တင်းမှာ တအုံးအုံးတညံညံနဲ့ သူထက်ငါအလုအယက် မှာလိုမှာ အတန်းပြေးလို့ Roll Call မပြည့်သူမပြည့် စာမကျက်ချင်ပါဘူးလို့ ခေါင်းတစ်ခါခါလည်တစ်ခါခါနဲ့ပဲ ဟိုဘက်လှည့်ဒီဘက်လှည့် ကျူတိုရီယယ်တွေ ဖြေခဲ့ကြ ရေးဖြေတွေဆို မကြောက်သမျှ နှုတ်ဖြေတော့ ငါတို့တွေ ကျွတ်တယ် ခုံအောက်မှာ ဖိနပ်မှောက်သူက မှောက် ဆရာ မမြင်အောင် ရှေ့ကလူကိုယ်လုံးနဲ့ ကွယ်သူကကွယ် ဆရာနဲ့ မျက်လုံးချင်းမဆုံအောင် ခေါင်းငုံ့သူက ငုံ့ မေးမှ ရှာကျက်ရတဲ့အဖြေ … ငါတို့ မယုံမကြည်နဲ့ သင်တုန်းက ငိုက်ထားသမျှ အခုမှ ဇောချွေးလေးတွေဝေ ငိုက်တုန်းကအရသာရှိသလို ဘေးကျပ်နံကျပ်ဒုက္ခကလည်း အရသာရှိသပ ဒီလိုပဲ တစ်ချွတ်ချွတ်တစ်ချော်ချော်နဲ့ ဖြတ်သန်းခဲ့ကြတယ် တကျွတ်ကျွတ်တချောင်းချောင်း ကျိုးကျခါနီး ကြမ်းခင်းများနဲ့ ကျောင်းတော်ကြီးဆီက နေ့စွဲတွေကို……
အတွေးအခေါ်နဲ့ ညနေ
ရောင်စုံ စက္ကူစွန်တစ်အုပ်နဲ့ ညနေခင်းကောင်းကင် ဟော… တက်လာပါပြီ ဘယ်ယိမ်းညာယိမ်း ဖြူနီပြာဝါ ရောင်စုံ သေသပ်ပုံခြင်းမတူ အနိမ့်အမြင့်ချင်းမတူ အချင်းချင်းလည်း ရန်စောင်ကြ ဟိုစွန်အဖြူက ဟိုစွန်အနီကို ဘယ်လိုဖြတ်ချလိုက်တာ ဟိုအပြာစွန်က ဟိုအဝါစွန်ကို ဘယ်လိုကျဆုံးသွားတာ တစ်စွန်ပြတ် တစ်စွန်တက် အစရှိသဖြင့်ပေါ့လေ… ရန်စောင်ပွဲ တစ်ညနေလည်း မဟုတ် နှစ်ညနေလည်း မဟုတ် နေ့တိုင်း စွန်တိုက်ပွဲ ရှေ့တန်းစစ်မျက်နှာပြင်ကောင်းကင်မှာ ဘာကြောင့်များ ဒီလောက်ကျယ်တဲ့ကောင်းကင်မှာ တစ်စွန်ထဲ ပျံသန်းချင်ရတာလဲလို့ စဉ်းစားမိတယ် အရောင်စုံ အရွယ်စုံ အနိမ့်အမြင့်အစုံဆို ပိုမလှပပေဘူးလား စဉ်းစားမိတယ် တစ်ဆက်တည်း ဒီခေတ်မှာ ဒီလိုအတွေးအခေါ်ရှိတာ လူရယ်စရာများဖြစ်နေဦးမလား အကြာကြီး စဉ်းစားမိတော့တယ်။ ။…
သူငယ်ချင်းများ
အရင်တုန်းကတော့ငါးယောက်မပြည့်ရင် လူမစုံဘူး အခုတော့ တစ်ယောက်တည်းလည်း လူစုံတယ် ငါးယောက်ကနေ သုံးယောက် နောက် နှစ်ယောက်, နောက် တစ်ယောက်တည်း ဘဝကို လုံးကြီးတင်တွေ ဆံခတ်တွေ သေးသေးတင်တွေ တင်ကြည့်တာပါ နောက်ဆုံးတော့လည်း မူလအသံ မူလအက္ခရာနဲ့ပဲ စခန်းပြန်သွား အသေအချာ ချိန်းထားရင်တောင် တွေ့ဖြစ်ချင်မှတွေ့ဖြစ် တွေ့ချင်လို့ ဖုန်းမဆက်ဘဲ အိမ်သွားလိုက် … ရှိချင်မှ ရှိမယ် ဖုန်းအဆက်အသွယ်ရလည်း အားချင်မှအားမယ် အားလည်း တစ်မြို့တည်းအတူရှိချင်မှရှိမယ် အရင်ကလောက် တစ်ယောက်ကိုတစ်ယောက် ထဲထဲဝင်ဝင် မရှိတော့ဘူး တစ်ယောက်ပြဿနာ တစ်ယောက်သိပ်စိတ်မဝင်စားနိုင်တော့ဘူး/ချင်တော့ဘူး ကိုယ့်ပြဿနာကိုပဲ တကယ့်ပင်လယ်ကြီးထင်နေတယ်…ဖြတ်ကူးရဦးမယ် ကိုယ့်အတွယ်အတာလေးတွေဆီ ကိုယ်ပျံသန်းရဦးမယ် ဒါပေမယ့် တစ်ယောက် ဆဲ ရင် တစ်ယောက် ရယ်နိုင်သေးတယ် တစ်ယောက် foul ရင် တစ်ယောက် သည်းခံနိုင်သေးတယ် (အရင်ကထက်ပိုပြီး) တစ်ခါတစ်လေ တစ်ယောက်ကိုတစ်ယောက် ကြီးကြီးကျယ်ကျယ် အကြံဉာဏ်တွေပေး (လက်ခံချင်မှလက်ခံတယ်) ပျစ်ပျစ်နှစ်နှစ်ဝေဖန် … ဒါကတော့ စိတ်မဆိုးကြေးပဲ (စိတ်ဆိုးလဲ ဂရုမစိုက်) တစ်ခါတစ်လေ ဘုရားဟောကျမ်းထဲက မိတ်ဆွေတုတွေ ဖြစ်လိုက်ကြ တစ်ခါတစ်လေ တစ်ယောက်နောက်ကျောက စိုက်နေတဲ့ဓားနဲ့ စိုက်လာမယ့်ဓားတွေကို ရှာဖွေပေးလိုက်ကြ တစ်ခါတစ်လေ ကိုယ်တိုင် ထိုးစိုက်လိုက်ကြ နောက်တော့လည်း မေ့မေ့ပျောက်ပျောက် ဒါတွေအားလုံး စိတ်မဆိုးကြေးပဲ (စိတ်ဆိုးလဲ ဂရုမစိုက်) ငယ်ကျိုးငယ်နာတွေ ပြန်ဖော်ကြတဲ့အခါ အကောင်းဆုံးဟာသတွေထက်တောင် ငါတို့ပိုရယ်ကြသေးတယ် ဒါပေမယ့် တစ်ယောက်မှမလွမ်းဘူး ရွေ့ပြီးသားအရွေ့ဟာ မူလအနေအထားအတိုင်းပြန်မဖြစ်နိုင်တော့ဘူး ပြန်လဲမလိုချင်တော့ဘူးလေ ဒီလိုပဲလေ ငါတို့သူငယ်ချင်းတွေ မီးလျှံစမ်းချောင်းလေးတွေလိုစီးဆင်း …ရှောရှောရှူရှူ……
မျက်လုံး
အဓိပ္ပာယ်တွေနောက် သူ လိုက်တော့ မှားမက်ခဲ့တဲ့ သူ့အိပ်မက်တွေတောင် လက်တွေ့ကျသေးတယ် အခုတော့ ဖြစ်ပုံက သူ့စိတ်ကူးတောင် သူမပိုင်တော့ဘူး ဘဝက တိကျမှုရဲ့ အခြားတစ်ဖက်မှာလား သူမတွေးခေါ်တဲ့ ဦးနှောက်နဲ့ ကာရန်တွေ စဉ်းစားတယ် သူမမြင်ဘူးတဲ့ လက်နဲ့ ကဗျာတွေရေးတယ် သူ့ဆီမှာ သူ့ကိုယ်သူပြန်ရှာလို့ မတွေ့ဘူး တောင်ပုံရာပုံ အတ္တတွေကို ဖြီးသပ်လို့ စောင်းရွဲ့နေတဲ့အပြုံးကိုတော့ တည့်မတ်ဖို့ မကြိုးစားဘူး အပုပ်အသိုးကို သ နေလိုက်တာ လူမြင်သူမြင်မှမကောင်း အဲဒါကိုပဲ သူ့မှာ ကဏန်းတစ်ကောင်လို လက်မတစ်ထောင်ထောင် ချုပ်ရိုးထပ်အမုန်းနဲ့ ဒင်္ဂါးတစ်ပြားကို လေထဲ ခတ်ဆတ်ဆတ် မြှောက်လိုက်တယ် အလင်းဘက်ကျမလား အမှောင်ဘက်ကျမလား…
အချစ်အကြောင်း
အချစ်ရေးမှာ ဒီတစ်ယောက်နဲ့စ ဒီယောက်နဲ့ပဲဆုံးတယ် ညနေတွေလိုပဲ အချစ်က အသစ်ပြန်ပြန်ဖြစ်နေတာ တစ်ခါတစ်လေ သူပြိုင်ကိုယ်ပြိုင် စိတ်ဆိုးကြ နောက်တော့လည်း အဲဒီကလေးကလားတွေကို မသိသလိုနေ ရယ်မောကြ ရည်းစားဖြစ်စ ငါ ညာကိုင်ခဲ့ရတဲ့လက်ဖဝါးလေး အခုတော့ ငါ့လက်ထဲမှာ မြဲမြံ ဒဏ်ရာတွေမှာလည်း အတူတူကွဲရှ … သူ့ဒဏ်ရာ ကိုယ့်ဒဏ်ရာ အမာရွတ်ချင်းတူခဲ့ဖူးပြီ အချစ်ရေကြည်လေး တစ်ယောက်အလွမ်းအိုးလေးထဲတစ်ယောက် ထည့်ပေး နားလည်မှုအိမ်လေး တစ်ယောက်ရင်ထဲမှာတစ်ယောက် တည်ဆောက် ပတ်ဝန်းကျင်က “ပိုတယ်”ပြောမှာလည်း မကြောက်ခဲ့ပါဘူး ဒီလိုပဲ တစ်ယောက်ဘဝကို တစ်ယောက် ကဲ့ယူခဲ့ကြ ဒီလိုပဲ တစ်ယောက်အသက် တစ်ယောက် ကူရှုပေးခဲ့ကြ နှစ်တွေ လတွေတောင် အရှုံးပေးမလားလို့… ခိုင်မြဲခဲ့ ပခုံးပေါ်က သူ့ပါးရာလေး ငါတစ်သက်လုံး ထမ်းထားချင်တာပေါ့ အချစ်မှာ သံယောဇဉ်တစ်ပတ်ပြီးတစ်ပတ်ရစ် ငါတို့ မပြည့်မစုံလေးနဲ့ပဲ ပြည်စုံကြတယ် အချစ်က မတီးဘဲလည်း မြည်တယ် ငါတို့နှစ်ယောက်ကြား လူပြိန်းနားလည်တဲ့စာတစ်ကြောင်းထပ်ပိုပိုသာသာ အရှိတရားတွေ ဒိုးယိုပေါက် ရှင်းလင်းတိကျ ငါတို့ကတော့ စလုံးရေ စ နေကြတုန်း…။ ။…
အလွမ်းဒဏ်ရာနဲ့ ခြေခင်းလက်ခင်းမသာတဲ့ မနက်ခင်းမှ ညနေခင်းဆီ စီးဆင်း
ငါ့ရင်ထဲက တိမ်ညိုညိုတစ်အုပ် နှလုံးသားကို အုံ့မိုးဝန်းရံပြီး ရွာချလိုက်တာ အခုထိ မစဲသေးဘူး သတိရစိတ်က သိပ်ထက်တဲ့ ငွေဓားပါးမိုးစက်လေးတွေ အခုကို အတော်ရှနေပြီ အနက်ရောင်လမ်းမတွေက ဝေးကွာခြင်းအလျားကို ဆွဲဆန့်နေကြတာ ဒဏ်ရာနက်နက်တွေ ရက်ရက်စက်စက် လွှတ်လှလာကြပေါ့ ကြင်နာသူရေ… ကားနောက်မြှီးမှာ ထကြွကျန်ခဲ့တဲ့ ဖုန်မှုန့်လေးတစ်မှုန့်လောက်တောင် ငါ့စိတ်တွေ မတည်ငြိမ်ခဲ့ပါဘူး သူ့ချည်တိုင် မင်းရှိရာဆီ စက္ကန့်တိုင်းပြေးလို့ ဒီလိုပဲ အလွမ်းပူပူတွေနဲ့ နွေးထွေးခဲ့ရတဲ့ ဒီဇင်ဘာဆောင်းညတွေမှာ အလွမ်းစိတ်လေးအယားပြေ၊ မင်းနာမည်ကို တိုးတိုးခေါ်တော့ ငါ့ညတွေ မှောင်မိုက်လိုက်တာ ချစ်သူရယ် ကောင်းကင်ပျက်ကြီးထဲ ငါတစ်ယောက်တည်း လွင့်ကျသွားသလို မခံစားနိုင်တော့ဘူး ချင်းတွင်းနဲ့ ဧရာဝတီနှစ်စင်း ငါ့အလွမ်းတွေ စွန်းထင်းလှပခဲ့ပြီ။…
ဟာသ ၂
လိပ်ပဲဖြစ်လိုက်ချင်တယ် စိတ်ညစ်လို့ ဘာမှတော့မဆိုင်ဘူး ကျနေတဲ့စီးပွားရေးနဲ့ ငါ့စိတ်က ကပ်ပါသွားသလိုပဲ ဖြစ်ချင်ရာဖြစ်မောင်ဘချစ်ကလည်း ခေတ်မရှိတော့ဘူး အနေအထားက ရွှေသွားနဲ့မဟုတ် မြွေကြားနဲ့တွေ့နေရတာ ထိုးချေခံလိုက်ရတဲ့စီးကရက်ဖင်ဆီခံလိုပဲ ဘယ်နေရာအသုံးကျပြရမလဲမသိဘူး ဘူလွန်းလို့ ဘူကြီးရိုက်ရင်တောင် သူဌေးဖြစ်နိုင်တယ် မိချောင်းပေါ်နေတဲ့လက်ကျန်စိတ်ရေအိုးလေးကို ကုန်းခပ်လိုက်တော့ မဆုံးနိုင်အောင်ကို အနည်ထတော့တာပဲ မျှော်လင့်ချက်တနင့်တပိုးနဲ့ကောင် ခွေးဖြစ်တဲ့ပွဲ ဝက်ဝက်ကွဲတိုးဝှေ့ကြည့်ကြပါ ဟာသက ကမ္ဘာကျော်မယ်နော် ဒဏ်ရာက စိမ့်ထွက်နေတာ သွေးမဟုတ်ဘူး အားမလိုအားမရအရှက် ငါအခုစားနေတာ ထမင်းမဟုတ်ဘူး အမေ့ချွေးစက် ရယ်ရတယ်နော် ကမ္ဘာကျော် ညစ်နေတဲ့စိတ်တောင်ဘယ်ရောက်သွားမှန်းမသိတော့ဘူး အမေရယ် ဒေါသဆို ဝေးရော အခု ဘယ်သူတွေအတွက် ဘယ်လောက်ပဲသေးသေး ငါ့အတွက်တော့ ကြီးတယ် ကမ္ဘာကြီး ပဲ ကမ္ဘာအကြီးကြီးပေါ်က လူသားပိစိကွေးလေးငါလေ ကိုယ့်ဟာသနဲ့ကိုယ် နာနာကျင်ကျင် ဟုတ်တယ် ငါကိုက အရေခွံပါးလွန်းတယ် အရေပြားအောက်မှာလောင်နေတဲ့မီး အခုငုံ့ကြည့် မြင်နေရတယ် မရတော့ဘူး အန်ချလိုက်တော့မယ် ဆွေးဆွေးမြေ့မြေ့ ဟိုရောက်ဒီရောက် ကဗျာ ဟာသက ဒီမှာတင်မပြီးသေးဘူး ပြီးရင် လိပ်ဖြစ်ပေါ့။…