အလွမ်းဒဏ်ရာနဲ့ ခြေခင်းလက်ခင်းမသာတဲ့ မနက်ခင်းမှ ညနေခင်းဆီ စီးဆင်း
ငါ့ရင်ထဲက တိမ်ညိုညိုတစ်အုပ် နှလုံးသားကို အုံ့မိုးဝန်းရံပြီး ရွာချလိုက်တာ အခုထိ မစဲသေးဘူး သတိရစိတ်က သိပ်ထက်တဲ့ ငွေဓားပါးမိုးစက်လေးတွေ အခုကို အတော်ရှနေပြီ အနက်ရောင်လမ်းမတွေက ဝေးကွာခြင်းအလျားကို ဆွဲဆန့်နေကြတာ ဒဏ်ရာနက်နက်တွေ ရက်ရက်စက်စက် လွှတ်လှလာကြပေါ့ ကြင်နာသူရေ… ကားနောက်မြှီးမှာ ထကြွကျန်ခဲ့တဲ့ ဖုန်မှုန့်လေးတစ်မှုန့်လောက်တောင် ငါ့စိတ်တွေ မတည်ငြိမ်ခဲ့ပါဘူး သူ့ချည်တိုင် မင်းရှိရာဆီ စက္ကန့်တိုင်းပြေးလို့ ဒီလိုပဲ အလွမ်းပူပူတွေနဲ့ နွေးထွေးခဲ့ရတဲ့ ဒီဇင်ဘာဆောင်းညတွေမှာ အလွမ်းစိတ်လေးအယားပြေ၊ မင်းနာမည်ကို တိုးတိုးခေါ်တော့ ငါ့ညတွေ မှောင်မိုက်လိုက်တာ ချစ်သူရယ် ကောင်းကင်ပျက်ကြီးထဲ ငါတစ်ယောက်တည်း လွင့်ကျသွားသလို မခံစားနိုင်တော့ဘူး ချင်းတွင်းနဲ့ ဧရာဝတီနှစ်စင်း ငါ့အလွမ်းတွေ စွန်းထင်းလှပခဲ့ပြီ။
ဟာသ ၂
လိပ်ပဲဖြစ်လိုက်ချင်တယ် စိတ်ညစ်လို့ ဘာမှတော့မဆိုင်ဘူး ကျနေတဲ့စီးပွားရေးနဲ့ ငါ့စိတ်က ကပ်ပါသွားသလိုပဲ ဖြစ်ချင်ရာဖြစ်မောင်ဘချစ်ကလည်း ခေတ်မရှိတော့ဘူး အနေအထားက ရွှေသွားနဲ့မဟုတ် မြွေကြားနဲ့တွေ့နေရတာ ထိုးချေခံလိုက်ရတဲ့စီးကရက်ဖင်ဆီခံလိုပဲ ဘယ်နေရာအသုံးကျပြရမလဲမသိဘူး ဘူလွန်းလို့ ဘူကြီးရိုက်ရင်တောင် သူဌေးဖြစ်နိုင်တယ် မိချောင်းပေါ်နေတဲ့လက်ကျန်စိတ်ရေအိုးလေးကို ကုန်းခပ်လိုက်တော့ မဆုံးနိုင်အောင်ကို အနည်ထတော့တာပဲ မျှော်လင့်ချက်တနင့်တပိုးနဲ့ကောင် ခွေးဖြစ်တဲ့ပွဲ ဝက်ဝက်ကွဲတိုးဝှေ့ကြည့်ကြပါ ဟာသက ကမ္ဘာကျော်မယ်နော် ဒဏ်ရာက စိမ့်ထွက်နေတာ သွေးမဟုတ်ဘူး အားမလိုအားမရအရှက် ငါအခုစားနေတာ ထမင်းမဟုတ်ဘူး အမေ့ချွေးစက် ရယ်ရတယ်နော် ကမ္ဘာကျော် ညစ်နေတဲ့စိတ်တောင်ဘယ်ရောက်သွားမှန်းမသိတော့ဘူး အမေရယ် ဒေါသဆို ဝေးရော အခု ဘယ်သူတွေအတွက် ဘယ်လောက်ပဲသေးသေး ငါ့အတွက်တော့ ကြီးတယ် ကမ္ဘာကြီး ပဲ ကမ္ဘာအကြီးကြီးပေါ်က လူသားပိစိကွေးလေးငါလေ ကိုယ့်ဟာသနဲ့ကိုယ် နာနာကျင်ကျင် ဟုတ်တယ် ငါကိုက အရေခွံပါးလွန်းတယ် အရေပြားအောက်မှာလောင်နေတဲ့မီး အခုငုံ့ကြည့် မြင်နေရတယ် မရတော့ဘူး အန်ချလိုက်တော့မယ် ဆွေးဆွေးမြေ့မြေ့ ဟိုရောက်ဒီရောက် ကဗျာ ဟာသက ဒီမှာတင်မပြီးသေးဘူး ပြီးရင် လိပ်ဖြစ်ပေါ့။
လူလိမ္မာမိုက်
ကိလေသာအညစ်အကြေးတွေအခိုင်အမာ အမြစ်တွယ်နေတဲ့ အရိုးပေါ်အသားတင် တန်ဆာပလာနဲနဲထည့်ပြီး အရေပြားစွပ်ထားတဲ့ ဝတ္ထုအစုအပုံကြီးပေါ့ ခံစားစိတ်ကလေးက ပါးလျလှုပ်ခတ်လွန်းတော့ သူ့ခမျာ မနေနိုင်မထိုင်နိုင် ကဗျာတွေရေး သူ့စွဲလမ်းစိတ်ကိုသူ ကျားကုတ်ကျားခဲ ဖက်တွယ်ထားပုံက ကြေးမုံမှန်တစ်ချပ်လိုပဲ ကြည့်ဦးလေ သူက ကမ္ဘာကြီးကို ရွံချစ် ပါသတဲ့ သူက သဘာဝတရားကြီးကို ရွံချစ် ပါသတဲ့ အလှတရားကို ရွံချစ် ပါသတဲ့ ပြီးတော့ လူတွေ … အတ္တ ပုံစံအမျိုးမျိုး … ခေတ် … အစရှိသဖြင့်ပေါ့လေ နောက်ဆုံး … သူ့ကိုယ်သူ ရွံချစ် … ရွံချစ် …. ရွံချစ် ပါသတဲ့ … မေတ္တာ ကရုဏာ ကာမဂုဏ်စွဲလမ်းမှု တရားမှန်နဲနဲ တရားမှားများများ လက်ကိုင်ထားတယ် သူ့ခေါင်းမာမှုက သံခမောက် သူ့စိတ်ထားက ပိုးစဖြူ ပါးပါးလေး သူ့မှာမရှိတဲ့ နောင်တနဲ့ သူ့ဘာသာသူ ပြန်ပြန်ပစ် သူ့မာနတွေ တလူလူလွင့်ပေါ့ အဲဒါ … တရားစစ်မရနိုင်တဲ့ ဆန့်ကျင်ဘက်တွေနဲ့ လူပုဂ္ဂိုလ်ကြီး ကဗျာဆရာပေါ့ …။ ။
အလေအလွင့် ညနေစိတ်
မျက်လုံးက ဘာမှမသဲကွဲလောက်အောင် မှောင်လင်း ငါ့ကိုငါတောင် ပြန်မမှတ်မိနိုင်တော့တဲ့ညနေပါ ဆာလောင်မွတ်သိပ်မှုနဲ့ ငါ့အဆာအိမ်ကြီး လေးပင်ခဲ့ နွေးထွေးကြင်နာမှုတွေဆီ မရောက်နိုင်မှန်းသိရက်နဲ့ စိတ်နဲ့ပဲလျှောက်၊ ငါ့ခြေထောက်တွေ မရွေ့ဘူး ပြန်မလိုချင်တော့ဘူး၊ ငါပယ်ချခဲ့တဲ့ ငါ့ရဲ့ကံကောင်းခြင်းတွေကို မာနတွေ ချွန်ထက်၊ စူးနစ်ခဲ့ဒဏ်ရာတွေ နှလုံးစွဲခဲ့ပြီ လမ်းနဲ့အညီ ပြောင်းတတ်တဲ့နှလုံးသွေးတွေ ခက်ထန်ကြမ်းတမ်း ငါမပျော်ဘူး၊ ဒါပေမယ့် ငါခေါင်းမာဆဲပဲ ညစ်ပတ်စုတ်ပြတ်မှုတွေက ရှောင်မရအောင် လှပ၊ အနံ့သင်း၊ စွဲဆောင် ငါ ခါးခါးသက်သက် ငြင်း။ ငါ မိုးခါးရေမသောက်ဘူး ငါ့ရိုးသားမှုနဲ့ ငါ့တရားနဲ့ ငါ့ဆာလောင်မှုနဲ့ သက်ပြင်းတွေကြားထဲမှာပဲ နေဝင်သွားပြီ ရောက်သင့်ရက်နဲ့ရောက်မလာတဲ့ စိုးရိမ်ပူပန်မှု ရှိသင့်ရက်နဲ့မရှိတဲ့ နောင်တ ငါမတ်တပ်ထရပ်လိုက်မှုက ဘာ နာမဝိသေသန မှမပါအောင် ရိုးရှင်းလွန်းရဲ့ လျှောက်မယ်လေ လမ်းရှိသရွေ့ ငါ့ခြေထောက်တွေရှိရမယ်မဟုတ်လား
အမေ့အတွက်ကဗျာ
ကံကြမ္မာက မျက်နှာသာမပေးတော့ အမေ့ခမျာ ဘယ်လောက်ကြိုးစားပြီး အနစ်နာခံခံ မျက်နှာမရဘူး အဝေးက အဖေကတော့ ဘယ်လိုတွေးနေမယ် မပြောတတ်ဘူး အမေ့မှာ ပျို့တက်လာတဲ့ အားငယ်မှုကို ပြန်မျိုမျိုချနေရရှာတယ် ကြံ့ကြံ့ခံတဲ့ အမေ့ခြေထောက်တွေပေါ်မှာ ကျွန်တော်ဖက်တွယ်ရပ်တည်ခဲ့တာ ခက်ခဲကြမ်းတမ်းတဲ့ သုံးနှစ်ကျော်ပါ ဒါတောင်မှ တစ်ခါတစ်ရံ လျှံကျလာတဲ့ အမေ့မျက်ရည်တွေအတွက် ကျွန်တော့်မှာ စကားလုံးမရှိအောင်ကို ကျွန်တော်ကတုံးခဲ့ ပြဿနာတစ်ထောင်မှာမှ တစ်ခုပဲ ကျွန်တော့်ကို တိုင်ပင်ခဲ့တာ ကျွန်တော့်ကို စိတ်ချမ်းသာစေချင်လို့လား အမေ ဘာပဲပြောပြော အမေ တိုင်ပင်ဖော်ရှားပါးနေတာ ဖုံးဖိထားသမျှ ထိုးထိုးထောင်ထောင်ပါ မိသားစုပြန်ဆုံမယ့်အချိန်ကျမှ အတိုးချပျော်ပေါ့ အမေရယ် အခုတော့ အမေလည်း ကြိုးစား, ကျွန်တော်လည်း ကြိုးစားပါ့မယ် ဟိုအရင်က ကျွန်တော်တုံးခဲ့သမျှ နောင်တစ်ချိန်မှာ အမေ ပြုံရပါစေမယ် အမေ အခုတော့ ဒီကဗျာလေးနဲ့ပဲ နှစ်သိမ့်လိုက်ဦးပေါ့ အမေရယ်။
မမီမကမ်း၊ တဆင့်နှိမ့်၊ ခိုငှက်လွတ်ခြင်း
တစ်ကောင်ဘယ်လောက်လဲ လေးရာပါ၊ တစ်ထောင်ဖိုး သုံးကောင်ယူလေ ငါ့လက်ထဲရောက်လာတဲ့အကောင်လေးက မျက်စိမည်း နှုတ်သီးချွန်လေး ချည့်နဲ့နဲ့အတောင်ပံတွေက ငါ့လက်ဖဝါးအောက်မှာ ရုန်းကန်လို့ မကြာခင် မင်းပျံသန်းရတော့မှာပါ ငှက်ကလေးရယ် တစ်ကောင်ပြီးတစ်ကောင် နိမ့်ချည် မြင့်ချည် လေထဲမှာ ယိုင်နဲ့နဲ့ မတူညီတဲ့ ဦးတည်ချက်များဆီ တူညီတဲ့ လွတ်လပ်ခြင်းဆီကို …
အမေ့အတွက်ကဗျာ ၂
ကျွန်တော် အိမ်က ထွက်လာတော့ ဝဲခဲ့တဲ့ အမေ့မျက်ရည်တွေ ကျွန်တော် အခုထိ မမေ့သေးဘူး လောကဓံကို ကိုယ်တိုင်ကိုယ်ကျခံယူဖို့ လှမ်းခဲ့တဲ့ ခြေလှမ်းတွေပေါ့ အမေရယ် ခွင့်လွတ်ပါလို့ပြောစရာမလိုအောင် အမေက ခွင့်လွတ်ပြီးသားဆိုတာ ယုံတယ် အဖေ့မျှော်လင့်ချက်လေး အလင်းရ “မီး” လာဖို့ မလွတ်လပ်တဲ့အဖေ့ကိုယ်စား လွတ်လပ်ခြင်းတွေမှာ ပျံသန်းဖို့ ဖြန့်ခဲ့တဲ့ တောင်ပံတွေပေါ့ အဖေရယ် ယုံကြည်ရာမှာ ရဲရင့်တဲ့ အဖေ့အတွက် ကျွန်တော်မှာ အားကျဂုဏ်ယူလို့မဆုံး စဉ်းစားကြည့်မိရင် ကျွန်တော့်မျက်ရည်တံတိုင်းတွေ ကျိုးကျိုးကုန်တယ် မိသားစုသုံးယောက်မှာ အဖေတစ်နေရာ အမေတစ်နေရာ သားတစ်နေရာ တစ်ယောက်ခြင်းစီ သိမ်ငယ် တစ်ယောက်ခြင်းစီ မျှော်လင့် တစ်ယောက်ခြင်းစီ ဆုတောင်း လူမစုံတဲ့ ထမင်းဝိုင်းလေးမှာ အခုတော့ အမေတစ်ယောက်တည်း အရမ်းသတိရနေချိန်တိုင်းမှာ ကျွန်တော်က ဖုန်းဆက်တယ်တဲ့ အမေကပြောတယ် အဲဒီလောက်ထိအောင် ချစ်ခြင်းမေတ္တာတွေ ပြည့်စုံအားကောင်း လူစုံတက်စုံ မိသားစု ထမင်းဝိုင်းလေး ကျွန်တော်တို့သုံးယောက်လုံး ဆာလောင်တာပေါ့ အမေရယ် အခုတော့ သည်းခံဦးပေါ့ ဒီမိသားစုလေးမှာ ကျွန်တော်ပါဝင်ခွင့်ရတာ နတ်ကောင်းနတ်မြတ်တွေ ပေးသနားတဲ့ ဆုလဒ်ကြီးပါ အဲဒါကြောင့် ဟိုသီချင်းစာသားလေးလို လူတွေအားလုံးထဲ ကျွန်တော်ဘိတ်ချေးဖြစ်နေစေဦးတော့ ပထမရသလိုခံစားရပါတယ် အဖေနဲ့ အမေရယ် အဲဒီအတွေးနဲ့ ပြုံးတဲ့အပြုံးဟာ ကျွန်တော်ရဲ့ လူသားအဆန်ဆုံးအချို့ထဲက တစ်ခုပေါ့ ကျွန်တော်ရဲ့ ဂျစ်ပစီ နေ့ရက်တွေထဲက အားဆေးပေါ့ ကျွန်တော်ရဲ့ ခွေယိုင်နေတဲ့ ခြေထောက်တွေအတွက် ချိုင်းထောက်ပေါ့ အဲဒီလို ကျွန်တော် ယုံကြည်တယ် မနက်တိုင်း မျှော်လင့်ချက်နဲ့ အိပ်ရာထနေရတဲ့ ကျွန်တော် အဖေနဲ့ အမေကို ဟော့ဒီစာမျက်နှာလေးနဲ့ ကန်တော့လိုက်ပါရဲ့ မျှော်လင့်ချက်ပန်းလေးတွေ ပွင့်ပါစေလို့
စိတ်ပျက်ခြင်းတွေ ထူးထူးချွန်ချွန်
တစ်နေ့လုံး ဘယ်နားထားရမှန်းမသိတဲ့ စိတ် ညနေရောက်တော့ ငရဲနဲ့တွေ့နေပြီ စိတ်ပျက်ခြင်းတွေ ထူးထူးချွန်ချွန် စက္ကူစွန်ဖြတ်ပွဲတွေထဲ ငါမပါဘူး အရိပ်နင်းပွဲတွေထဲ ငါမဝင်ဘူး တောလိုက်ပွဲတွေကိုလည်း ငါမုန်းတယ် စိတ်ပျက်ခြင်းတွေ ထူးထူးချွန်ချွန် ခဏခဏအသက်အောင့်ထားမိလို့ ခဏခဏသက်ပြင်းချရတယ် (ငါ့သူငယ်ချင်းကပြောတော့ အသက်တိုဆေးပေါ့တဲ့) စိတ်ပျက်ခြင်းတွေ ထူးထူးချွန်ချွန် အမှောင်နဲ့ခင်းထားတဲ့လမ်းပေါ်က ခေတ် ဆရာသစ္စာနီလိုလည်း နေမင်းဆီဖုန်းမဆက်ချင်ဘူး အရင်ကဗျာထဲကလိုလည်း အလင်းတွေ မမျှားချင်တော့ဘူး စိတ်ပျက်ခြင်းတွေ ထူးထူးချွန်ချွန် ငါ့မျက်လုံးတွေလည်း ညစ်ထေးမှုနဲ့ အောင့်နေပြီ ညနေဆိုတော့ အာရုဏ်ဦးနဲ့ ဝေးသေးလား (ငါတကယ် မသိတော့ဘူး) စိတ်ပျက်ခြင်းတွေ ထူးထူးချွန်ချွန် ဘဝနဲ့ ဆတူ အကုသိုလ်တစ်ထပ် ကျောပိုးအိပ်ထဲထည့်သူထည့် အသိဉာဏ်ဟောင်းလောင်းလွယ်အိပ်ကို လွယ်သူလွယ် ရှေ့မှာစတိုင်အပြည့်နဲ့ နောက်ကျောဘက်မှာ ဖင်ပေါ်သူပေါ် စိတ်ပျက်ခြင်းတွေ ထူးထူးချွန်ချွန် ဒီညနေမှာ ငါတကယ် စိတ်ပျက်ခြင်းတွေ ထူးထူးချွန်ချွန်…
အရိပ်နင်းသူ
သင်ထင်တာနဲ့တလွဲစီ ခုန်အုပ်မိတာ သားကောင်ဟုတ်ရဲ့လား တောလိုက်ကွင်းထဲမှာ ချပြထားတဲ့ အရိပ်တွေ အရိပ်တွေ အရောင်အသွေး အစုံအလင် အစွယ်အသွား အချွန်အထက်အမျိုးမျိုး သင် နင်းမိတဲ့ အရိပ်က သင့်ကို ပြန်ခုန်အုပ် လောင်းကြေးထပ်ထားတဲ့ ဘဝ၊ တစ်ခြမ်းမည်းသွား သင့်မျက်နှာ ရှုံ့မဲ့ပြီး သင့်အရှုံးက ဂန္တဝင်မဆန်ဘူး ဘာမှ မရှိခြင်းထဲ သင် ရှုံးနိမ့်ခဲ့ရခြင်းအတွက် လက်ခုပ်သံတွေ ညံလို့…။
လွမ်းတဲ့အကြောင်း
မှိတ်တုတ်မှိတ်တုတ်နဲ့ ငါ့အလွမ်းတွေ အားကောင်းလာလိုက်တာ ညဆိုတာမှာ အိပ်စက်ခြင်းကို ငါမေ့သွားတယ် ငါ့လက်ဖျားပေါ်က အနွေးငွေ့လေး အခုထိ လောင်ကျွမ်းအားကောင်းတုန်း နူးညံ့ခြင်းတစ်သိုက်နဲ့ ငါ့စိတ်တွေ လှိုက်သွားတယ် သာမာန်ကိစ္စလေးမှာလဲ သူ့ကြီးကျယ်ခမ်းနားမှုနဲ့သူ ချစ်ခြင်းမေတ္တာမှာ ငါကျေနပ်တာလည်း ဒါပဲ ရိုးရိုးဆန်းဆန်း ဂုဏ်ဒြပ်ခြင်းအတူတူ သတိရစိတ်ခြင်း ထပ်တူ ငါ့ညတွေကို ကိုင်လှုပ်နိုင်တာခြင်းလည်း တူ အများကြီးပေးဆပ်စရာ မလိုဘူး ဘာမှ ကြီးကြီးကျယ်ကျယ် လုပ်ပေးစရာလည်း မလိုဘူး ဒီကောင်မှာ မင်းလက်ဖဝါးလေးတစ်ဖက်တည်းနဲ့တင် အလွမ်းတွေ သွပ်သွပ်ခါနေပေါ့…။ ။