ဆေးကြောတဲ့နေ့တစ်နေ့


စိတ်ကို ကြိုးဖြေပြီး  
ငါ့ရင်ထဲက အနည်အနှစ်တွေနဲ့ ပင်လယ်ကို သန့်စင်ဖို့ကြိုးစား  
ဘဝကိုတော့ အင်္ကျီချိတ်မှာ ချိတ်ပြီး နေလှန်းရမယ်

ကဲ မိတ်ဟောင်းဆွေဟောင်းကြီး မနက်ဖြန်ရေ  
သန့်စင်တဲ့ အလင်းတို့နဲ့ ငါ့ကို လက်ဆွဲနှုတ်ဆက်ပါလေ  
အညှာအတာကင်းမဲ့တဲ့ မြှားမိုးတွေတော့ တော်လောက်ပြီ

ဒီလို  
စူးတွေနဲ့ အမှတ်တရ အဆင်မပြေမှုများ  
ချွန်ထက်လှပတဲ့ အမြတ်တနိုး ဒဏ်ရာများ  
ငါ့ရင်ဘတ်ထဲ ပွေ့ပိုက်မထားချင်ဘူး  
ရောက်ရာနေရာမှာ ငါ ချထားပစ်ခဲ့ရမှာပဲ

တကယ်ပါ  
စိတ်ကို ရေချိုး ဂျီးညှော်တိုက်ပေးပြီးသွားပြီ  
ဘဝလည်း နေရောင်အလုံအလောက်နဲ့ အနံအသက်ပျောက်လောက်ပြီ  
ရှေ့ဆက်ဖို့အတွက် မနက်ဖြန်လင်းဖို့ပဲ ကျန်တော့တယ်

ကောင်းမြတ်သော နေရောင်ခြည်  
ငါ့အား မွေးဖွားရန်  
ထွန်းညှိပါတော့လော့ …

အိမ်မက်က နိုးတဲ့ည


ညက ငါ့ကို ကြည့်နေတဲ့ ညကပေါ့  
အိမ်မက်ထဲမှာ  
ငါက သက်တန့်လေးဖြစ်နေတယ်  
အရောင်တွေစုံလို့ပေါ့  
ချစ်သူကိုကျောပေါ်မှာတင်  
ငါလမ်းလျှောက်ထွက်ခဲ့တာလေ  
ကမ္ဘာရဲ့ အစွန်အဖျားကိုရောက်တော့  
နာကျင်စရာကျောက်ဆောင်ကျောက်ခဲတွေကို ပစ်ချလွင့်ပစ်  
ငါ့ခန္ဓာနဲ့ တံတားထိုးတော့ ချစ်သူကရယ်တယ်  
ဟိုဘက်အစွန်းမှာ ဘာတွေရှိသလဲတဲ့  
ကိုယ်လဲဘယ်သိပါ့မလဲချစ်သူရယ်  
ဒီလိုပဲ အမှောင်ထဲက အလင်းတွေကို မျှားကြတာပေါ့  
ကိုယ်တို့သွေးတွေ မခမ်းမချင်းလေ  
အိမ်မက်ကနိုးတော့  
ငါးမျှားချိတ်မှာ ငြှိနေခဲ့တဲ့စိတ်ကို ဆွဲနှုတ်  
ညကို ငါပြန်ကြည့်နေမိတော့တယ်  
အဖြူ အမည်း ပိတ်ကားတစ်ချပ်လို…။ ။

အဓိပ္ပာယ်မဲ့ စိတ်အခင်းအကျင်း


ကဗျာရေးမယ့်စိတ်က ခဲတံချွန်နေတာ ကြာလှပြီ။  
ဗလာဦးနှောက်နဲ့ အတွေးအခေါ်မိုးတွေရွာချ  
ငါ့ရဲ့ 'ဘာမှ မရလိုက်မှု'တွေ ရွှဲရွှဲစိုကုန်တယ်

ကြာတော့  
ခံစားချက်လေးကိုပဲ ပြေး , ပြေးပြီး အားနာရ  
ငါ့ရဲ့ဘဝတစ်ခြမ်းက အလင်းမရတော့ဘူး

ငါဟာ သေလူတစ်ယောက်လို သံချေးတက်  
စည်းချက်ပျက် ငါ့အသက်ရှူသံတွေလည်း ထုံးထိုင်း  
အဓိပ္ပာယ်တွေ တန်ဖိုးမဲ့ကုန်ပေါ့

လိုက်နေတာလား ပြေးနေတာလား?  
ငါ့ရဲ့စိတ်ပြေးလမ်းက မညီမညာ ယိုင်လဲလို့  
ကဗျာဆိုတဲ့ လိပ်ပြာလေး အခုထိ ပြန်ဖမ်းလို့ မမိသေးဘူး။

အဲဒီမြို့ကလူတွေကို ပေးဖတ်လို့မရတဲ့ ကဗျာ


ဘယ်သကောင့်သား အန်ချလိုက်တယ်မသိဘူး  
မြို့ကြီးဖြစ်လာတယ်။

အဲဒီမြို့ကြီးမှာရှိတဲ့ ကျီးတိုင်းလိုလို သူ့နှုတ်သီးသူ ထက်မြအောင် သွေးလို့  
သားငြှီနံ့သင်းတဲ့ စားကျက်ကို ရေလောင်းပေါင်းသင်မွေးလို့  
ဘယ်တိမ်မှ ဖြတ်မပျံ၊ ဘယ် နှင်းမှ မဝဲနိုင်တဲ့မြို့

အဲဒီမြို့က  
ကမ္ဘာမြေရဲ့ ရင်ကွဲသံနဲ့ သီချင်းဆိုတယ်  
ဒုက္ခမျက်ရည်နဲ့ ရေချိုး ဂျီးညော်တိုက်တွန်းတယ်  
ပြီးမှ  
ကိုယ့်မာနကို ပြန်စားသောက်နေလိုက်ကြတာ အစာအိမ်ဟောင်းလောင်းနဲ့

နာကျင်ခြင်းတွေနဲ့ ယဉ်ပါးစွာ ပျော်ရွှင်ခဲ့  
ဒဏ်ရာကို တယုတယ လျှာနဲ့ သပ်ခဲ့တဲ့  
နှလုံးသွေး အရောင်ဖျော့တဲ့ မြို့လေ

ရှိသမျှ ဘုရားသခင်တိုင်း မကယ်တင်နိုင်တော့တဲ့ အန်ဖတ်မြို့  
ဘယ်ကမ္ဘာသားမှ ဆေးကြောမပေးချင်တဲ့ အန်ဖတ်မြို့  
ဟို ဘုရားမေ့တရားမေ့ကောင်တွေက ဆာလောင်စွာ စောင့်ကြည့်နေတုန်း။

သေတ္တာထဲက စက်ရုပ်


ငါတို့ဟာ ရိုဘော့တစ်  
ကမ္ဘာဆိုတဲ့ အစိုင်အခဲကြီးပေါ်ကပေါ့။  
လှပတဲ့ သတ္တာလေးတွေထဲမှာ ငါတို့နေထိုင်တယ်  
ရွှေ့လျားနိုင်တဲ့ သတ္တာလေးတွေနဲ့ ငါတို့ ခရီးသွားတယ်  
ရုပ်ပေါ်ပြီး အသံထွက်တဲ့ သတ္တာလေးတွေကို ငါတို့ အရူးအမူး ထိုင်ကြည့်တယ်  
ငါတို့အတွေးအခေါ်ကိုက သတ္တာဆန်နေတယ်  
မပြည့်အချင်းအတင်းဖြည့်ဖို့ ကြိုးးစားနေတာပေါ့  
နောက်ဆုံး ငါတို့သေရင်လည်း  
အဲဒီလို သေတ္တာလေးထဲထည့်ပြီး သင်္ဂြိုလ်လိုက်ကြတာပဲ  
ငါတို့စိတ်ထဲကအော်သံတွေအတွက် အသံထုတ်လုပ်နိုင်တဲ့ စပီကာမရှိဘူး  
မြန်လေကောင်းလေခြေထောက်တွေမှာ စဉ်းစားတွေးခေါ်မှု မရှိဘူး  
လှပတဲ့သဘာဝတရားဟာ ငါတို့ အိတ်ကပ်ထဲက ပိုက်ဆံသာဖြစ်တယ်  
အပြေးအလွှားအိမ်မက်တွေဟာ အထီးကျန်ဆန်တဲ့ အရူးတစ်ယောက်လိုပဲ  
မျက်ရည်မှာ သတ္တုနံနဲ့ အပြုံးမှာ ယန္တယားနဲ့  
ပတ်ဝန်းကျင်နဲ့ ကမ္ဘာကြီးကို မေ့လျော့လို့  
သတိမရခြင်းအနုပညာမှာ ငါတို့ ရုပ်ဝတ္တုဆန်ဆန် ရသမြောက်ကြတယ်  
ဘဝဟာလည်း ချပြလို့မရလောက်အောင်ကို ကြွပ်ဆတ်ခဲ့ပေါ့

ဘဝကိုယ်တိုင် သရုပ်ဆောင်တဲ့ ပြဇာတ်


ဘဝကို မှော်ဆရာရဲ့ ကြိမ်လုံးထဲ ထည့် ဝှေ့ယမ်းကြည့်လိုက်တယ်  
ဘယ်လို ထူးခြား ခမ်းနားဆန်းကြယ်ခြင်းတွေ ထွက်ကျလာမလဲလို့

ဘဝကို လူမိုက်တစ်ယောက်ရဲ့ သေနတ်ထဲ ထည့် ပစ်ကြည့်လိုက်တယ်  
ဘယ်လို လျင်မြန်ခြင်းမျိုးနဲ့ ရန်သူ့ဘဝကို ထိုးဖောက်ချေဖျက်လိုက်မလဲလို့

ဘဝကို မြွေတစ်ကောင်ရဲ့ လျှာဖျားလေးမှာ တင်ထားကြည့်လိုက်တယ်  
ဘယ်လို အဆိပ်ပြင်းမျိုးတွေနဲ့ မွေးဖွားရှင်သန်နိုင်မလဲလို့

ဘဝကို ပက်စီပုလင်းထဲ ထည့် သောက်ကြည့်လိုက်တယ်  
ဘယ်လို လေပူစီဖောင်းလေးက ဘဝရဲ့ အရသာဖြစ်လိမ့်မလဲလို့

ဘဝကို ဆက်ကပ်ဆရာရဲ့ ဓားတစ်ချောင်းထဲ ထည့် ပစ်ကြည့်လိုက်တယ်  
ဘယ်လို တိကျမှုမျိုးနဲ့ ပန်းတိုင်ကို ရောက်မလဲလို့

ဘဝကို ကဗျာတစ်ပုဒ်ထဲ ထည့် ဖတ်ကြည့်လိုက်တယ်  
ဘယ်လို ဖရိုဖရဲ အဓိပ္ပာယ်တွေ ေ၀ဝါးလေမလဲလို့

ဘဝကို နှလုံးသားလေးထဲ ထည့် စီးဆင်းကြည့်လိုက်တယ်  
ဘယ်လို ရင်ခုန်မှုမျိုးနဲ့ ကြည်နူးခြင်းတွေ ဖိတ်စင်ကျလာမလဲလို့

ဘဝကို ရေနွေးအိုးထဲ ထည့် တည်ကြည့်လိုက်တယ်  
ဘယ်လို မေးခွန်းမျိုးတွေ ပလုံစီ ပွက်ပွက်ဆူလာမလဲလို့

ဘဝကို ဘဝထဲ ပြန်ထည့် ဝတ်ဆင်ကြည့်လိုက်တယ်  
ဘဝဟာ ဘဝနဲ့ မတော်တော့ဘူး  
မပြီးသေးတဲ့ မေးခွန်းတွေနဲ့  
ဘာမှမရှိခြင်းတွေနဲ့ပဲ ပိတ်ကားချလိုက်ရတော့တယ်  
ပြီးပါပြီပေါ့ …။

မိုးတွေလေ … စိုပေ့စေ


မိုးတွေလေ  
ရွာချကုန်ပြီ  
စိုပေ့စေ … ငါတို့ စိတ်အေးလက်အေး ဆက်လျှောက်ကြမယ်

မိုးတွေလေ သည်းလိုက်ပုံက  
ဒဏ်ရာတွေတောင် နက်ဝင်သွား  
သွေးမတိတ်တေးနဲ့ မြှားတွေလို စိုက်ဝင်လာ မိုးစက်များ  
အနီရောင်ရင်ဘတ်နဲ့ခံယူပါ့မယ်  
မျက်ရည်တိတ်တေးအဖြစ်ပြောင်းသွားတဲ့အထိပေါ့

မိုးတွေလေ ရက်စက်တဲ့ အမှောင်တွေ သွန်းချ  
စည်းပျက်ဝါးပျက်လမ်းတွေ တအိအိ ပိကျလာ  
မကြောက်လေနဲ့  
သန်မာတဲ့ငါတို့ခြေထောက်တွေနဲ့ လဲမကျအောင်တွန်းလှန်  
ရုန်းကန်ရလေလေ ငါတို့ခြေရာတွေ နက်လေလေပဲ မဟုတ်လား

မိုးတွေလေ လောကဓံ  
ရွာနှင့်လေဦး  
စိုပေ့စေဦးပေါ့

ခြေလမ်းတိုင်း အဓိပ္ပာယ်ရှိစွာ  
ယုံကြည်ခြင်းတရားအတွက် ငါတို့ ရွဲရွဲအစိုခံတယ်  
မိုးတွေလေ … စိုပေ့စေ  
ငါတို့ ယုံယုံကြည်ကြည် ဆက်လျှောက်ခဲ့ကြတယ်

ငါတို့ အချစ်မှာ တစ်ယောက်သတိရခြင်းထဲ တစ်ယောက်အရိပ်ခို


ငါရဲ့ ချစ်ခြင်းဖွဲ့လေးရေ  
ဘဝကို ပုခုံးပုတ်လို့  
ငါတို့ရဲ့ သတိရစိတ်မှာ ငါတို့ ချိန်းတွေ့ကြ  
ညမှောင်သွားလဲ အလွမ်းရဲ့ အလင်းကို ငါတို့ ပိုင်သေးတယ်

တကယ်လည်း အတွေးထဲမှာ လင်းနေတယ်  
အချစ်ဆိုတာကြီးနဲ့ ငါတို့ တစ်ယောက်နံရိုးတစ်ယောက် ထိုးရင်း စနောက်  
နွေတွေကို အထပ်ထပ်ရိုက်ခွဲလို့  
တစ်ယောက်အရေအပြားအောက်တစ်ယောက် စိတ်မဆိုးကြေး ဖုထစ်ကြတယ်။

အခုလည်း  
တစ်ယောက်မနေနိုင်အောင် တစ်ယောက်လွမ်း  
အဲဒီကံကြမ္မာကြမ်း အနွမ်းကြီးကိုပဲ စိတ်တိုင်းမကျဘဲ ဝတ်ဆင်  
နာရီတွေတောင် နရီပျောက်လို့  
ငါတို့လည်း အတွေးတွေ များခဲ့ပြီ  
ငါတို့လည်း အလွမ်းတွေ ချစ်ချစ်တောက်ပူခဲ့ပြီ

ကဲ  
ဘယ်လို အနေအထားမျိုးမှာမှ  
ငါတို့အလွမ်းတွေ connectionမပြတ်တောက်တော့ဘူး  
ချစ်သူရေ … ငါတို့  
အချစ်မှာ တစ်ယောက်သတိရခြင်းထဲ တစ်ယောက်အရိပ်ခို ခဲ့လို့ပေါ့

လပြည့်ည


တစ်ချပ်ချပ်လည်ပတ်နေတဲ့နာရီကို အဓိပ္ပာယ်မဲ့ထိုင်ကြည့်နေခဲ့ဖူးတယ်  
အချိန်တွေက ငါ့ဆီရောက်မလာခဲ့ဘူး

လှုပ်လီလှုပ်လဲ့ ပြန့်ကျဲနေတဲ့ ကြယ်တွေကို မျှော်လင့်ချက်နဲ့ အပြုံးဖလှယ်ခဲ့ဖူးတယ်  
ကြယ်ကြွေတွေတောင် ငါ့ဆီရောက်မလာခဲ့ဘူး

သွေးဆာနေတဲ့လမ်းမတွေကို အကြောက်တရားနဲ့ လဒ်ထိုးခဲ့ဖူးတယ်  
ငါ့ခြေထောက်တွေ ငါ့ဆီရောက်မလာခဲ့ဘူး

အိပ်မက်မပါတဲ့ကဗျာတစ်ပုဒ်ထဲ ငါချောင်းကြည့်ခဲ့ဖူးတယ်  
လတ်ဆတ်တဲ့ရင်ခုန်သံတွေ ငါ့ဆီရောက်မလာခဲ့ဘူး

ထောင်ချောက်ဆင်ထားတဲ့အမှန်တရားနဲ့ သွေးစက်လက်ကပြခဲ့ဖူးတယ်  
လွတ်မြောက်ခြင်းတွေ ငါ့ဆီရောက်မလာခဲ့ဘူး

တစ်ယောက်တည်းထိုင်နေခြင်းသီချင်းတစ်ပုဒ်နဲ့ လပြည့်ညကို ဖြေဖျော်ခဲ့ရတယ်  
ဆေးဘက်ဝင်ကော်ဖီတစ်ခွက် ငါ့ဆီရောက်မလာခဲ့ဘူး

ငါ့ဆီရောက်လာတဲ့လရောင်ကြောင့် ငါ့ခဲတံကျိုးသွားတယ်  
ဆက်မရေးနိုင်တော့တဲ့ ငြိမ်းချမ်းခြင်းဆုတောင်းနဲ့  
လရောင်ကို ငါကြိုဆိုလိုက်ရပေါ့  
ဘဝဟာလည်း ဟိုတစ်စ ဒီတစ်စ …

ဒီဇင်ဘာနှုတ်ဆက်သီချင်း


ဒီဇင်ဘာက နှုတ်ဆက်သီချင်း သီဆိုနေပြီ  
ဘယ်သူတွေက ဝမ်းနည်းမျက်ရည်ကျနေကြသလဲ  
ရှေ့ဆက်လျှောက်မယ့်လမ်းမှာ  
နောက်ဘက်ချည်းလှည့်ကြည့်နေရင် မင်းခလုတ်တိုက်မိမှာပေါ့  
ထားခဲ့လိုက်  
၂၀၀၇ ဒီဇင်ဘာကို ညနက်နက်ထဲ ချန်ထားရစ်ခဲ့လိုက်  
အခုတော့ နောက်ဆုံးတစ်ချက် နှုတ်ဆက်လှည့်ကြည့်မယ်

၂၀၀၇ ပေါ့  
လူတိုင်းကိုယ်စီကိုယ်ငှ  
နာကျင်မှုအလွန် ထုံကျင်မှုမှာ အဆိပ်တက်ခဲ့ကြပြီးပြီ  
အမေ့ပစ်ခံနေရာတွေမှာ ပိုမိုသတိရခဲ့ကြပြီးပြီ  
အခု  
ရင်ဘတ်ကို ငုံကြည့်လိုက်ရင် သွေးစက်လက် ဝိဉာဉ်တွေ ပူးကပ်လို့

ဒီလိုပါပဲ  
လွန်လေခဲ့ပြီးသော အမည်းရောင်နှစ်ပေါင်းများစွာကလိုပါပဲ  
၂၀၀၇ ဟာလည်း ဒါဘဝလားဆိုပြီး သွေးတိုးစမ်း  
ဖိတ်စင်မှုမှာ မိသားစုမျက်ရည်တွေ ယိုစီးလို့  
ဖြည်မဆည်နိုင်ခဲ့ပါဘူး

သွားတော့ ဒီဇင်ဘာ သွားတော့  
နာကျဉ်းမှုကို သွေးကြောထဲထည့် ငါတို့ကတော့ ဆက်လက်လည်ပတ်ရဦးမယ်  
ကိုယ့်ဘဝကို ကိုယ် မောင်းနှင်ရဦးမယ်

နောက်ပြန်လှည့်မကြည့်ကြေးမှာ  
ဒီဇင်ဘာအတွက် နှုတ်ဆက်ဆုတောင်းတယ်  
ကမ္ဘာလောကကြီး ငြိမ်းချမ်းပါစေလို့ …။