လက်ဖက်ရည်ဆိုင်ထိုင်ခြင်း
မနက်ခင်းချမ်းစီးစီးမှာ ကျွန်တော်တို့ကို အကောင်းဆုံးဝန်ဆောင်မှု အမြဲပေးတတ်တဲ့ အသွက်လက်ဆုံး (၁၀)နှစ်အရွယ် စားပွဲထိုးလေးလည်း သူ့ဆိုင်ရှင်ရဲ့ သားငယ်လေးကို ကျောင်းလိုက်ပို့နေရပြီ သူ့အတွက်တော့ ကျောင်းဆိုတာ အဝေးကြည့်ပေမယ့် အတွက်အချက်ပေါင်းနှုတ်မြောက်စားကတော့ ကျွန်တော်တို့ထက် သာလိမ့်မယ် (သူ့ထမင်းကျွေးတဲ့ အလုပ်လေ) ကျွန်တော်တို့လည်း ရေနွေးပူပူတစ်အိုးလုံး ကုန်အောင်ထိုင်သောက်နေမိတယ်။
ချစ်သူသို့ …
ချစ်ခြင်းမီးတောက်နဲ့ ငါ့ရင်ကို လင်းမြစေခဲ့တဲ့ အလင်းလေးရေ …။ ဖြူစင်ခြင်း မင်းရဲ့ ဂီတသံမှာ ငါ့အတောင်ပံတွေ အားဆက် အရုဏ်ရဲ့ ရောင်ခြည်နုရှိရာ အရှေ့အရပ်ကို ငါတို့ ပျံသန်းကြမယ် မြစ်ရေရဲ့ အလျဉ်းမျိုး အတိတ်တွေ … အတိတ်တွေ … ကျန်ခဲ့လိမ့်မယ် … ထားခဲ့လိုက်။ ယုံကြည်မှုပါရင် လမ်းတွေဟာ လင်းတယ်၊ ချိုမြိန်တယ်၊ ခုံမင်စရာ ကောင်းပါတယ်။ လောကဓံရဲ့ သွေးကြောထဲ ငါတို့ လက်တွဲထားရင် ဘယ်လှိုင်းမှ ငါမမှုဘူး ချစ်ခြင်းကို ယုံကြည်သောအားဖြင့် မစားရ တားမြစ်ထားတဲ့ ဘယ်သစ်သီးကိုမှလည်း ငါတို့ စားစရာ မလိုဘူး ဘယ်တော့မှ ငြိမ်းမှာ မဟုတ်တဲ့ (ငါ့ရဲ့ ငြိမ်းချမ်းခြင်း) အလင်းမီးတောက်လေးရေ … ငါတို့ရဲ့ ဘဝနှစ်ခုကို တစ်လွှာတည်း ဖြစ်အောင်ထပ် မင်း သဘောတူမယ်ဆိုရင် ငါတို့ လောကကို စိမ်ခေါ်ကြည့်ကြမယ်လေ …။
ညီမလေးအတွက် ကိုယ်က သစ်ပင်
ဒီနေ့ ပိတောက်တွေ စ ပွင့်တယ် ညီမလေး ပိတောက်တစ်ပွင့် ပွင့်တိုင်း ပွင့်တိုင်း ကိုယ့်ရင်တွေ အလွမ်းနဲ့ ကြွေကြွေကျ ဧပြီလနေလိုလည်း ပူလိုက်သေးတယ် ညီမလေးရယ် မင်းရဲ့ မမြင်ချင်ယောင်ဆောင်မှုမှာ ကိုယ့်နှလုံးသားက ခဏခဏ သေရတယ် ကိုယ်ကလည်း နာကျင်မှုဆိုတာကြီးကိုမှ ဥပေက္ခာပြုထားမိတာလေ ဒီလို ကျောင်းပိတ်ရက်တွေမှာဆို မင်းရဲ့ ပုံရိပ်လှလှလေးတွေကို ပြန်ကြည့်ဖို့ ကိုယ့်မှာ နှလုံးသားတစ်ခွေစာ အပြည့်ရှိတယ် ကျေးဇူးပြုပြီး မင်းရဲ့နှုတ်ခမ်းပါးလေးတွေကို မတည်ပစ်လိုက်ပါနဲ့ကွာ ကိုယ်က အများနဲ့ မသက်ဆိုင်တဲ့ မင်းအခန်းရှေ့က လမင်းဆိုရင် မင်းက ပြတင်းတံခါးတွေကို ပိတ်ပစ်မှာလား ကိုယ်က အချစ်နဲ့ပတ်သက်ပြီး မင်းကို ကူးစပ်ချင်တဲ့ ရောဂါဆိုရင် မင်းက ကာကွယ်ဆေးထိုးပြီး နေမှာလား တကယ်ဆိုရင် ကိုယ်က ဘာမှ မဟုတ်ဘဲ၊ မင်းကိုမှ ဖူးပွင့်ချင်တဲ့ သစ်ပင်ပါ။ ဟုတ်တယ် ညီမလေး ကိုယ်က မင်းအတွက် အဆင်သင့်သစ်ပင်ပါ မင်းက ဖူးပွင့်ပေးရုံလေးပဲ အရိုးရှင်းဆုံး …။ ။
အလွမ်းခနေတဲ့ ကြယ်တွေအကြောင်း
အလွမ်းခနေတဲ့ ကြယ်တွေအကြောင်း ဒီလိုပြောကြစတမ်းဆိုရင် သူမဟာ ငါ့ကောင်းကင်က ကြယ်တွေကို ဖူးပွင့်စေခဲ့တဲ့ နတ်သမီးပဲ သူ့ရယ်သံလေးတစ်ချက်နဲ့တင် ငါ့အကိုင်းအခတ်တွေအားလုံး နူးညွတ်ကြွေကျသွးခဲ့ဖူးတယ် ရွှေရောင်မနက်ခင်းတွေမှာ ငါ့ကို ဝမ်းနည်းစိတ်နဲ့ နိုးထစေခဲ့တာ သူမပေါ့ သူမနှုတ်ခမ်းတွေနဲ့ လင်းလက်ခဲ့တဲ့ အလွမ်းဟာ ဘာကိုမှ မမြင်နိုင်အောင် စူးရှတောက်ပလွန်းတော့ ဘဝကို ငါကိုယ်တိုင် အလွမ်းနဲ့ ရဲရင့်စွာ ချုပ်လုပ်ခဲ့ပါတယ် နတ်သမီးလေးရေ သူမရဲ့ ကြင်နာတဲ့ ချစ်ခြင်းမှာ ငါ့ရဲ့ အလွမ်းတွေ နှင်းဖြစ်ပါစေ ငါချစ်တဲ့ ဆောင်းမှာ မနှစ်ကလို အထီးကျန်မှုတွေ မရှိရပါစေနဲ့ ငါ့အသွေးအသားထဲမှာလည်း သူမနာမည်ကို ထာဝရ ရေရွတ်နေပါရစေတော့ ငါ့ရင်ထဲက အလွမ်းခနေတဲ့ ကြယ်တွေလေ ကြွေကျမသွားရအောင် မနည်း ခုခံတားဆီးနေရတော့တယ် …။ ။
ကမ္ဘာပေါ်သို့ ပြန်ကျခြင်း
ကမ္ဘာပေါ်သို့ ပြန်ကျခြင်း အကျနာတယ် မီးတောက်မီးလျှံတွေနဲ့ ဘဝတောင် တစ်ပိုင်းတစ်စ ပွန်းပဲ့သွားပေါ့ ချစ်ခြင်းမေတ္တာသာမရှိရင် ငါ့ဘဝလည်း စုတ်ပြတ်သွားလောက်တယ် ဖိအား ဖိအား ဖိအားပြီးတော့ဖိအား ဆင်ခြင်တုံတရားမဲ့ခြင်းက ငါ့ကို .. ကမ္ဘာမြေနဲ့ လွှဲချော်စေခဲ့… ငရဲမှာမှ ငါ .. သတိပြန်လည်ခဲ့ပေါ့..။ ။
ပထမဆုံးလေပြေ
ချွေးထွက်များတဲ့နေ့ ငါ ရုန်းထွက်ဖို့ မကြိုးစားခဲ့ဖူးတဲ့ လောင်းကစားမှုများ ဘဝကို ခုံမင်မှ အလှအပတရားက ပိုပြီး အဓိပ္ပာယ်ရှိမယ်။ မေတ္တာတရားမှာ စကားမှားခဲ့ဖူးတဲ့ ငါ ဟိုတုန်းက စိတ္တဇဖြစ်ခဲ့ရတဲ့ သီချင်းတစ်ပုဒ်နဲ့ ငါ့ရဲ့ ငယ်ရွယ်မှုကို မီးမြိုက်ခဲ့ ငါက သတိတရ ဖြစ်ပြီဆိုရင် ဘယ်မှတ်တိုင်မှ မရပ်တော့ဘူး ဒီလို ရှိခဲ့ဖူးသော အတုအယောင်ဆန်ဆန် နေ့တွေ ဘာမှ မကြားချင်လို့ ဘာမှ မပြောဖြစ်ခဲ့တဲ့ အကြောင်းတွေ အကျအန အကောက်လွန်သွားလို့ စိတ်ဆင်းရဲခဲ့ရမှုတွေ အားလုံးသော အဆင်မပြေမှုများ၊ စက်ပျက်နေတဲ့ နာရီတစ်လုံးထဲ ထုတ်ပိုးပြီး ငါ့ အသွေးအသားတွေကို လတ်ဆတ်စေခဲ့ရတော့တယ် ပထဆုံးလေပြေမှာ ငါ့အတွက် အဆင်ပြေကြောင်း စာလေးတစ်စောင်တော့ ပါလာကောင်းပါရဲ့။
တောလိုက်ကွင်း
ငါ့အမာရွတ်နဲ့ငါ စကားများလို့ကောင်းတုန်း ခြောက်ခြားဖွယ်အာမေဋိတ်တွေနဲ့ လမ်းတွေ အရိုင်းဆန်လာလိုက်တာ ငါတို့ ဆုပ်ကိုင်ထားမိသမျှ အပြစ်ရှိနေသလိုလို… လွတ်မချကြေး ဟေ့ လူပြိန်းပါးစပ်က ဘဝအကြောင်းပြောလာတဲ့အခါ ဟောဒီနယ်မြေဟာ တောလိုက်ကွင်းဖြစ်တော့တာပဲ ငါတို့ သတိထားနားထောင်မယ်ဆိုရင် သူတို့ရဲ့ နှာမှုတ်သံ တရှုးရှုးတောင်ကြားရဦးမယ် ထောင်ချောက်တွေရဲ့ လက်ခမောင်းခတ်သံနဲ့ သွေးဆူသံ တပွက်ပွက်မှာ ငါတို့ရဲ့ အသက်ဓာတ်လေးတွေ ပဲ့ပဲ့ပါသွား ဘဝတူချင်း ချပြရတဲ့ သက်ပြင်းတွေပဲ အဖတ်တင်နေတယ် ဘာမှမတတ်နိုင်မယ့်အတူတူ ဝပ်ကျင်းလေးထဲမှာပဲ ကဗျာရေး ငါတို့ လက်လျှော့လိုက်တာမဟုတ်ဘူးလို့ ပြောခဲ့ပြီးသား ယုံကြည်မှုနဲ့ အမှန်တရား ညီမျှခြင်းနောက်မှာ အပေါင်းလက္ခဏာပဲ ငါတို့အလိုရှိတယ် ငါတို့ လောဘကြီးတာမဟုတ်ဘူး နာကျဉ်းချက်နဲ့ ကဗျာတွေဟာ ပွင့်လာတယ် ဒါလည်း ငါဘာမှ မတတ်နိုင်တဲ့အပိုင်း အဲဒီကဗျာတွေနဲ့ပဲ ယုတ်ကြမ်းတဲ့ လမ်းတွေကို ငါတို့ အတတ်နိုင်ဆုံး သွန်သင်ကြည့်ကြတာပေါ့ အလင်းတစ်ခုဆီကို …။ ။
သရဲ
ကျွန်တော့်ဘေးမှာ သရဲတစ်ကောင်ရှိတယ် ကျွန်တော်ညာဘက်ကို လှည့်ကြည့်ရင် သူက ဘယ်ဘက်မှာ ရောက်နေပြီး ကျွန်တော်ဘယ်ကို လှည့်ကြည့်တော့ သူရှိနေတာက ညာ ကျွန်တော်အရေအပြားပေါ်က ကြက်သီးဖုလေးတွေမှာ သူ နေဖူးတယ် တစ်ခါတစ်လေ ကျွန်တော့်ဂုတ်သွေးကို သူမြိန်ရေယှက်ရေ စုပ်လို့ တစ်ခါတစ်လေ ကျွန်တော့်ရိုင်းစိုင်းမှုကို သူ ဆွဲထုတ် တစ်ခါတစ်လေ ကျွန်တော် အရမ်းကြောက်အောင် သူ ဖြဲခြောက်တယ် ကျွန်တော် ဘုရားစာရွတ်ရင် သူ ဆဲရေးပြီး ကျွန်တော့် အကုသိုလ်မှာ သူပျော်တယ် ကျွန်တော် မောင်းထုတ်လဲ သူထွက်မသွားဘူး ကျွန်တော် သွားလေရာနောက် လိုက်လို့လေ ဘယ်သူသိနိုင်မလဲ သူလဲ သူ့ဒုက္ခနဲ့သူ ဖြစ်ချင်ဖြစ်မှာ ဒါမှမဟုတ်လဲ အခွင့်သာတဲ့တစ်နေ့ … ကျွန်တော်သတိမဲ့သွားတဲ့နေ့ ကျွန်တော့်ကို ဂုတ်ချိုးဖို့စောင့်နေတာ ဖြစ်ချင်ဖြစ်မှာ ဘယ်သူသိမှာလဲ …နော် …
လွမ်းတဲ့အကြောင်း(၆)
ငှက်သီချင်းနဲ့ နှင်းနဲ့ မနက်ခင်းပေါ့…… နေရောင်ခြည်ကို ပြာချ ငါ့အလွမ်းနဲ့ လင်းစေခဲ့တယ် … ကြင်နာသူရေ … ချစ်မေတ္တာတွေ ဖူးပွင့်နေပုံက ဒီဆောင်းကို ပိုပြီးတော့ လှပနေစေသလိုပဲ ကြည့်ဦးလေ… ငါနားလည်ဖို့ မကြိုးစားခဲ့တဲ့ အလွမ်း မှော်ဆရာတစ်ယောက်ရဲ့ ပြုစားချက်တွေထက် ခမ်းနားဆန်းကြယ် ငါ့ရင်ထဲမှာ အလင်းပိုးတစ်ကောင်လို နေထိုင်တယ် ဒီမှာ မရေရာ ဇဝေဇဝါလမ်းမတွေကို သုတ်သင်ရှင်းလင်း ငါ့သွေးကြောထဲက လတ်ဆတ်တဲ့ ယုံကြည်မှုတွေနဲ့ ငါ ရင်ခုန် ငါ့နေ့တွေ အလွမ်းနဲ့ လှပနေခဲ့တယ် ချစ်သူ မင်းယုံကြည်မယ်ဆိုရင် ငါ့ရဲ့ လွမ်းတဲ့အကြောင်းတွေ ဂန္တဝင်ပေါ့ …။
ကမ္ဘာမြေရဲ့ ကယ်တင်ခြင်း
အသက်ရှင်နေတယ်ဆိုရုံလေး ကမ္ဘာမြေ သင့်ရဲ့ ကံဆိုးမိုးမှောင် ဝေဒနာ အံစာကို ပစ်ချလိုက်တော့ ငိုညည်းသံတွေ မီးတောက်ကြပေါ့ နတ်ဒေဝါအပါးပါးတို့ရဲ့ ကြင်နာသနားခြင်းမှ ကင်းလွတ်ရာ ဥယျာဉ် အမှားမှားအယွင်းယွင်း သစ်သီးတွေ အဆိပ်သင့်ကြ ကမ်းလင့်နေတဲ့ လက်အစုံတွေမှာှ မွတ်သိပ်ခြင်းများစွာ .. များစွာ ကမ္ဘာရေ… မြင့်မြတ်လှတဲ့ ကယ်တင်ခြင်းတောင်ပံတွေ သင့်ရဲ့ ပူလောင်မှု မြေပြင်ထဲ မြုပ်ထားလိုက်ဦးတော့ ငါတို့ ဆင်းစရာ အောက်မှာ ကျန်နေသေးတယ် မဟုတ်လားကွာ?