အပျိုး


မင်းအတွက်  
ငါ့ရဲ့ နောက်ဆုံးဆိုတာ  
တကယ်တော့ အစပါပဲ

ငါဟာ  
မင်းသီဆိုမယ့် သီချင်းရဲ့ သံစဉ်ပါ  
မင်းအသစ်မက်မယ့် အိပ်မက်ရဲ့ အမှန်တရားပါ  
မင်း တွေးခေါ်မယ့် အတွေးအခေါ်ရဲ့ နံရံတွေပါ  
မင်းအလိုရှိမယ်ဆိုရင်  
ငါက တစ်ရှုးတစ်စလည်း ဖြစ်ရဲ့  
မင်းပါးပြင်ပေါ်မှာ စွတ်စိုနေတဲ့ ချွေးစက်လေးတွေကို  
ခြောက်သွေ့အောင် ဖယ်ရှားပေးဖို့လေ  
ပြီးရင်  
ငါ့ဘဝကို လုံးခြေပြီး မင်းပစ်ခဲ့ချင် ပစ်ခဲ့ပေါ့ကွာ

ပြောရမယ်ဆိုရင်  
မင်းဖိနပ်လေးရဲ့ ယုံကြည်မှုဟာလည်း ငါဖြစ်လေရဲ့

မင်းရဲ့ အလှအပတွေမှာ ယဉ်ပါးဖို့  
ငါ့ကို လက်သပ်မွေးမြူပါလေ

နောက်ဆုံးမှာ  
ငါ့ကို မထားခဲ့ပါနဲ့  
ငါက အခုမှ အစပဲ ရှိသေးတာ

အော်သံ


ငါဟာ … သစ်ပင်ကြီးတစ်ပင်က သစ်ကိုင်းသေးသေးလေးတစ်ခုပါ  
ငါ့ရဲ့ အရိုးအဆစ်တွေအားလုံးကို ချစ်ခြင်းနဲ့ တည်ဆောက်ဖို့ ကြိုးစားခဲ့တာပေါ့  
လောကကြီးရဲ့ အလှပွဲတော်ထဲ  
နွေဦးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ငါလည်း ဝင်ပါချင်သေးတယ်လေ

ငါ့ပေါ်မှာ အသီးအရွက်တွေ ဝေဆာကြပါ  
ပွင့်ကြပါ ၊ ဖူးကြပါ  
လှပတဲ့ အဆင်းရှိကြပါ  
ဥယျာဉ်တော်မှာ ငါတို့ရဲ့ ဖူးပွင့်မှုတွေတိုင်း အဓိပ္ပာယ်ရှိတယ်။

အကိုင်းအခတ်တွေ ရှုတ်ရှပ်ခတ်နေလည်း  
ဂရုစိုက်စရာ မလိုပါဘူး  
အချိန်တန်တော့လည်း  
သူလို ကိုယ်လို ဆွေးမြေ့ကျိုးကြေသွားရမှာ။

နေရဲ့ လားရာကို ထိုးထွက်မယ်  
မျှော်လင့်ခြင်းနဲ့ သီးပွင့်မယ်  
လိုအပ်ရင် အချိုးအကွေ့များတဲ့ လမ်းကို လိုက်မယ်  
တစ်ခါတစ်လေတော့လည်း ရှမှာပေါလေ …။

သစ်ခုတ်သမားရဲ့ ဓားချက်တွေဟာ ငါတို့ သန်မာမှု အမှတ်တံဆိပ်ပေါ့  
တစ်ကိုင်းခုတ်ရင် ဆယ်ကိုင်းထွက်မယ်  
နူးညံ့မှုနဲ့ တည်ဆောက်ထားတဲ့ သစ်ပင်  
ယုံကြည်မှုတွေလည်း အမြစ်ခိုင်မာနေရမယ်။

နွေဦးရေ  
ဒီလို ယုံကြည်ချက်နဲ့ ငါဟာ ဖူးပွင့်ခဲ့တာပါ  
မဆွေးမမြေ့ခင် အချိန်လေးမှာတော့  
ဥယျာဉ်တော်ရဲ့ ဂုဏ်တော်ကို ဟောဒီ ပွင့်ချပ်လေးတစ်ချပ်နဲ့ ရင့်ကျူးလိုက်ပါရဲ့  
သင့်ရဲ့ နွေးထွေးတဲ့ နေရောင်ခြည်တွေ လင်းချလိုက်ပါတော့လား။

တောင်းဆု


ချစ်ခြင်းရဲ့ ဆောင်ကြည်းမှုကြောင့်  
ပွင့်ဖူးစ နံနက်ခင်းတစ်ခုမှာ  
သူ့ဆီ ကျွန်တော်ရောက်ခဲ့ပါတယ်  
သူဟာ မိုးဦးရဲ့ အေးချမ်းမှုမျိုးနဲ့ ရိုးရိုးသားသားလှရဲ့ …

မြေသင်းနံ့မှာ လက်ကျန်ပိတောက်တွေ ဝေတယ်  
ကျွန်တော်လည်း ထိုနည်း၎င်းပဲ  
သူ့ကိုယ်သင်းနံ့လေးမှာ စွဲလမ်းမှုတွေ တဖွားဖွား ပွင့်လို့  
လေပြင်းတစ်ချက်မှာတော့ လက်ကျန်ပိတောက်တွေ ကြွေတယ်လေ  
ကျွန်တော်လည်း ထိုနည်း၎င်းပဲ  
သူ့သက်ပြင်းတစ်ချက်မှာ (သူ့အလိုမကျမှုတွေအတွက်)  
ကျွန်တော်ရဲ့ စိုးရိမ်စိတ်ကလေးတွေ ကြွေ … ကြွေပေါ့

သူ နင်းလျှောက်ချင်တယ်ဆိုရင်  
ကျွန်တော့်နှလုံးသားနဲ့ ပိတောက်ကြွေလမ်းတစ်ခု ဖန်တီးပေးချင်ပါတယ်  
သူပြုံရယ်ချင်တယ်ဆိုရင်  
ကျွန်တော့်နှလုံးသားနဲ့ လောကဓံဟာသတွေကို တင်ဆက်ပေးချင်ပါတယ်  
သူလင်းချင်တယ်ဆိုရင် ကျွန်တော်က လင်းပြီး  
သူဖြစ်ချင်တယ်ဆိုရင် ကျွန်တော်က ဖြစ်ပြီးသားပါ  
(သူ့လက်ညိုးညွန်ရာမှာ ကျွန်တော် ဖြစ်ချင်ခဲ့)

ကျွန်တော့်ဘဝလက်ကျန်အချိန်တွေရဲ့ ပျော်ရွှင်မှုတွေ အားလုံးဟာ သူပဲဖြစ်ပါတယ်  
သူ့ရဲ့ ရယ်ရွှင်ခြင်းမှာ ကျွန်တော် အသက်ရှည်မယ်  
သူ့လျှာဖျားက အမုန်းအဆိပ်တွေကိုတော့ ကျွန်တော် ရဲဝင့်စွာ ကြောက်ရွံ့နေပါ့မယ်

ဆုတောင်ပါရဲ့  
ကျွန်တော့်ရဲ့ ချစ်ခြင်းနဲ့  
သူ … လှပစွာ ပွင့်လန်းနေပါစေ  
ကျွန်တော်ရဲ့ ချစ်ခြင်းနဲ့  
သူ … ကျွန်တော်နဲ့အတူ ဘဝဆုံးထိ အတူရှိနေပါစေလို့ …။ ။

တဝက်တပျက် ည


အဲဒီညမှာပေါ့ … အလွမ်းကို နှစ်ခါပြန်သောက်  
ချစ်ခြင်းရဲ့ ရှေ့မှောက်မှာ ငါ ဂျစ်ကန်ကန် ရပ်နေမိတယ်

အဲဒီညမှာပေါ့ … ငါ့ရဲ့ စိတ္တဇဟာ သတိရခြင်းနဲ့လောင်ကျွမ်း  
ကယ်သူမဲ့ခဲ့ပါတယ် … ချစ်သူရယ်

အဲဒီညမှာပေါ့ … အဓိပ္ပာယ်ကင်းမဲ့တဲ့ စကားလုံးတွေနဲ့ ငါကိုယ်ငါ တည်ဆောက်  
ငါ့ဦးနှောက်ဗလာနယ်တွေမှာ မင်းပုံရိပ်နဲ့ ပြည့်ဝလို့

အဲဒီညမှာပေါ့ … အချစ်နတ်သမီးရဲ့ လက်ကမ်းကြိုမှုကို မျှော်လင့်  
ငါ့ညတွေလည်း မင်းစိတ်နဲ့ မိုးသောက်ခဲ့ရပါတယ် ချစ်သူရယ်

အဲဒီညမှာပေါ့ … လွမ်းတဲ့အကြောင်းကို စာဖွဲ့ဖို့ကြိုးစား  
ငါလက်တွေ … အလွမ်းနဲ့ ထုံအခဲ့ရပါပြီ

အဲဒီညမှာပေါ့ … ည မပီသတဲ့ ည ကို  
ငါ စိတ်ရှိလက်ရှိ လသာနေမိလိုက်တယ် … အလွမ်းနဲ့ ……

ငါတို့က ချစ်ခြင်းမေတ္တာအကြောင်း တစ်ယောက်ကို တစ်ယောက် လုမပြောကြဘူး


ကြီးကျယ်ခမ်းနားတဲ့ စကားလုံးတွေ မပါဘဲ  
ငါတို့ တစ်ယောက်ကို တစ်ယောက် ချစ်ခဲ့ကြတယ်

ချစ်သူရေ  
ချစ်ခြင်းမေတ္တာဟာ  
ကဆုန်စိုင်းနေတဲ့ မြင်းပျိုတစ်ကောင်ပေါ့  
ငါတို့ စီးနှင်းလိုက်ပါခဲ့ကြတဲ့  
လတွေ…  
ရက်တွေ…  
နာရီ…မိနစ်တွေ…

တစ်ယောက်ရဲ့ ချစ်ခြင်းကို တစ်ယောက်က အားကျ  
ဘဝက အချစ်နဲ့မှ လှမယ် ..ဒီလိုယူဆခဲ့ကြ  
အလွမ်းတွေကို မနက်ခင်းကော်ဖီခါးခါးထဲမှာ ရောသောက်ခဲ့ကြ  
တစ်ယောက်ကို တစ်ယောက် ချိုမြခဲ့ကြ

ရင်ခုန်သံတွေကို တလှည့်စီနားထောင်  
ငါတို့ လုမပြောကြဘူး

ယုံကြည်မှုနဲ့  
မြဲမြဲကိုင်ထားတဲ့ ငါတို့ရဲ့ လက်တွေ  
ကျောက်ဖြစ်ပလေ့စေ …။ ။

သံလွင်ခက်နဲ့ ချည်ယက်ထားတဲ့ ရက်စွဲတွေ


သံလွင်ခက်အိပ်မက်နဲ့ ဘဝကို လှော်ခတ်ရင်း  
အလွမ်း အတိမ်းအစောင်းများစွာနဲ့  
ကိုယ်လာခဲ့မယ်။

ကိုယ်က ချိုးငှက်အဖြူရောင်လေးလည်း မဟုတ်ပါဘူး  
ဘုရားသခင် ကြည်ဖြူသဘောကျတော်မူတဲ့ နောဧလည်း မဟုတ်ပါဘူး  
ကိုယ်က … ချစ်မိသူပါ  
မင်းကို … နှလုံးသားနဲ့ ချစ်မိခဲ့သူလေးတစ်ယေက်ပါပဲ ။

ကိုယ့်ရဲ့ ချစ်ခြင်းဖွဲ့ ကုန်းမြေလေးရေ  
နာကျင်စရာ မုန်တိုင်းတွေထဲ ကိုယ်တစ်ယောက်တည်း မနေပါရစေနဲ့  
သံလွင်ခက်တွေ ပင်လယ်ထဲ မျောလို့ ကိုယ့်ကို ကြိုပါလေ

တကယ်တော့လည်း  
ကိုယ့်မှာ … မင်းရဲ့ ကုန်းမြေလေးကို မျှော်ကြည့်နေရတာ  
မီးတောက် ရက်စွဲပေါင်းများစွာ …။ ။

လွမ်းတဲ့အကြောင်း V


ကိုယ့်ရဲ့ အဖြူရောင် သက်တံလေးရေ  
မင်းကို ချစ်မိပြီဆိုတာ သေချာသွားတဲ့နေ့ကတည်းက  
ကိုယ့်ကိုကိုယ်  
ခံစားချက်နဲ့ ပတ်သက်လာရင် စစ်ကြေငြာထားပြီးသား  
မင်းကိုလွမ်းတဲ့ အလွမ်းမှာလည်း ရိုးသားထားပြီးသား။  
မင်းမျက်ဝန်းလေးတွေထဲမှာမှ ကိုယ်က အမှန်တရားကို ဆုပ်ကိုင်မိတာလေ

ကိုယ့်နာရီသံတွေက အခုတလော မင်းကိုပဲ အိပ်မက်, မက်ကြသတဲ့  
ဒီလို ရက်စက်လွန်းတဲ့ ဧပြီမှာ  
သတိရစိတ်တွေ ထိန်းမနိုင် သိမ်းမရ ဖြစ်နေပြီဆိုရင်  
ကိုယ်ကတော့ ရေတံခွန်လုပ်ပြီး တဝုန်းဝုန်း ခုန်ချလိုက်တော့တာပဲ

ကိုယ့်အချစ်က မင်းမဖတ်ရသေးတဲ့ မင်းအတွက် သီးသန့်စာအုပ်တစ်အုပ်  
ဖတ်ကြည့်ပါ၊ ဝေဖန်ပါ၊  
ကိုယ့်ရဲ့ဘဝတစ်ဝက်ကို ဝတ်ဆင်ကြည့်ပါ  
မင်းမြင်နေရတဲ့ အမှန်တရားတွေဆိုတာ တကယ့်အလှတရားဖြစ်ကြောင်း  
ကိုယ့်အချစ်မှာ မင်းဖွေရှာပါ။

ဒီမှာ ညီမလေးရေ  
အချိန်တွေ ကြာလာလည်း  
ကိုယ့်ရူးသွပ်မှုတွေက ယဉ်ကျေးလာမယ်လို့ ကိုယ်မထင်ဘူး  
အလွမ်းဆိုတာ ဘယ်လိုနည်းနဲ့ပဲ ကြည့်ကြည့် မလှတာတော့ အမှန်ပဲ  
ဧပြီရဲ့ အုံ့နေတဲ့ မိုးသားတွေက ကဗျာဆန်ပြီး၊  
ရွာနေတဲ့ အဲဒီအလွမ်းတွေက ကဗျာမဆန်ဘူး  
အဲဒါနဲ့ပဲ “လွမ်းတဲ့အကြောင်း” တစ်ပုဒ်ထပ်ဖြစ်ပါလေရော။

ဒီလိုနည်းနဲ့ပဲ ကိုယ့်ကိုကိုယ် နှစ်သိမ့် ချော့မော့ခဲ့ရပါတယ်  
မင်းရဲ့ ရယ်ဟန်လေးတစ်ချို့နဲ့ …။ ။

စိတ်လေစိတ်လွင့်ရဲ့ နေ့ရက်များ


စုတ်ပြတ်ပေရေနေတဲ့ အညစ်အကြေးများစွာနဲ့  
ဘဝရဲ့ အဓိပ္ပာယ်မရှိမှုကို ခါးသက်စွာ လှောင်ပြောင်  
ငါရဲ့စိတ်တွေ မှောင်တတ်ခဲ့ပြီ…

ဟေး …  
ငါချစ်ခဲ့တဲ့ အညစ်အကြေးတို့ရေ …

လွဲမှားမှုနဲ့ ကံကြမ္မာ  
အမှားများစွာနဲ့ လူ  
လေပြေလေးတိုက်ရင်တောင် ပြိုလဲတော့မယ့်စိတ်  
ငါ့အဖြစ်ကို ငါကိုယ်တိုင်တောင် ရယ်ချင်မိပါတယ်  
(စောက်ရူးလို့ တိုးတိုးလေး ကျိန်ဆဲရင်းပေါ့)

“ဘယ်လိုလဲ”  
ငါကိုငါ အကြိမ်ကြိမ်အခါခါမေး  
ငါကိုငါ အကြိမ်ကြိမ်အခါခါသတိပေး  
ငါကိုငါ အကြိမ်ကြိမ်အခါခါ တောင်းပန်  
ငါကိုငါ အကြိမ်ကြိမ်အခါခါ ဆုံးဖြတ်လို့  
လက်တွေ့နဲ့ ကင်းလွတ်နေတဲ့ စိတ်ကို ဒီအတိုင်းလေးပဲ ထားလိုက်တော့တယ်  
(အဲဒီအတွက် ငါဟာ ငါအဖြစ်က တစ်ပြားသားမှ မလျော့ကျခဲ့ပါဘူး)

ဟေး …  
ငါချစ်ခဲ့တဲ့ အညစ်အကြေးတို့ရေ … လာဟေ့ …  
ငါတိ့ုရဲ့ လူကြိုက်မများတဲ့ အမှိုက်သရိုက်တွေနဲ့  
ကမ္ဘာမြေကြီးကို  
အတတ်နိုင်ဆုံး ညစ်ပေအောင် ကြိုးစားလိုက်ကြစို့ရဲ့ …။

လွမ်းတဲ့ အကြောင်း III


နာရီတွေ တရွေ့ရွေ့ဖြတ်သန်းသွားတိုင်း  
ငါ့အထီးကျန်မှုက ပိုပြီး ပြန့်ကား နာကျင်လာတယ်  
ကောင်မလေးရေ  
ရိုးအီနေပြီဖြစ်တဲ့ စကားလုံးတွေနဲ့ပဲ လွမ်းေကြောင်း ကဗျာဖွဲ့ရတော့မယ်

ထစ်ငေါ့ခဲ့တဲ့အတွေးတွေက ပြန့်ကျဲသွားတိုင်း မင်းဆီပဲ  
ငါ့ရဲ့ ဖရိုဖရဲမှာ မင်းက လှချင်တိုင်းလှနေ  
ဘာကြောင့်မှန်းတော့ မသိဘူး  
မင်းရဲ့ ရယ်ဟန်လေးမှာ ငါ့ညနေတွေ နီရဲအေးချမ်းခဲ့ရပါတယ်

ကောင်မလေးရေ  
ဒီလို မင်းကို မမြင်ရတဲ့နေ့တွေဆို  
ငါ့ကောင်းကင်မှာ အရောင်မစုံတဲ့ သက်တန့်တွေပဲပွင့်  
ဟာလာဟင်းလင်းသီချင်းမှာ ငါ့အသွေးအသားတွေ ပဲ့ကြွေ  
ဘာတစ်ခုမှလည်း အဆင်မပြေချင်ဘူး

ငါ့ရဲ့ မသေမသပ်အလွမ်းက အနားစတွေ ဖွာလန်ကြဲလို့  
ငါ့ကိုငါ မှန်ထဲပြန်ကြည့်မိတော့လည်း ဝေဒနာအတုံးအခဲကြီးပဲ မြင်နေရတော့တယ်  
ဒီလိုပဲ ခင်းကျင်းပြသခဲ့ပါတယ် ကောင်မလေးရယ်  
ငါက လွမ်းခဲ့သမျှ သေချာချင်တဲ့ ကောင်လေ …။ ။

လွမ်းတဲ့အကြောင်း II


အလွမ်းအိပ်မက်တွေရဲ့ အကိုင်းအဖျားမှာ  
ရွှေရောင် အချစ်တွေ ဖူးပွင့်ကုန်ကြပြီ။

လင်းလက်တဲ့ ဒိုင်ယာရီမျက်ဝန်းလေးရေ  
သတိရစိတ်တွေက  
အချိန်မှန်ရထားတစ်စင်းလို  
ငါ့ရင်ခွင်ကို ဖြိုခွင်း  
နှလုံးသားဘူတာကိုမှ အတင်းထိုးဝင်ဆိုက်ကြတယ်

ဒီနေ့ဟာ စိတ်လေလွင့်ရဲ့  
မျက်ရည်စမ်းစမ်းမိုးနေ့ပေါ့ကွယ်  
အချစ်ကြီးရှာတဲ့ ငှက်တစ်ကောင်ဟာ  
သူ့အတွယ်အတာလေးဆီ ပျံသန်းမလာနိုင်ခဲ့ဘူး

ဒီမှာ ကောင်မလေးရေ  
ငါဟာ အချစ်တွေနဲ့ ရူးသွပ်နေတဲ့ အိပ်မက်ကြီးဖြစ်မယ်ဆိုရင်  
မင်းဟာ ကိုယ့်ရူးသွပ်မှုရဲ့ ရေဆူမှတ်  
(အိပ်မက်ထဲက) အချစ်သစ်ပင်လေးပဲ ဖြစ်လိမ့်မယ်

လာခဲ့မယ်  
အချစ်တွေနဲ့ ဖူးပွင့်နေပြီဖြစ်တဲ့  
ကိုယ့်ရဲ့ သစ်ပင်လေးအကြောင်း ပြောပြဖို့ …။