ချစ်ခြင်းဖြင့် ဖူးပွင့်သော
ပူလောင်လှတဲ့ နွေလယ်ခေါင်ရဲ့ နေရောင်မှာ ကိုယ့်တစ်ကိုယ်လုံး အချစ်ပွင့်တွေနဲ့ တဖျတ်ဖျတ်ဖူးပွင့် နှလုံးသားပေါ် အချစ်ပွင့်တွေ သာသာလေးကြွေပုံက တဒိန်းဒိန်းနဲ့ ကမ္ဘာကြီးတောင် ကြားရရဲ့လေ ညီမလေးရေ.. အစွမ်းထက်လှချည်လားလို့ ကိုယ့်မှာ တအံတသြ ကြီးမြတ်တဲ့ ရှင်သန်ခြင်း, အချစ်နဲ့ အသစ်မွေးဖွားခဲ့ပါတယ် ကိုယ့်လက်အစုံနဲ့ ခံယူဖို့ ပူလောင်ခြင်းဆိုလည်း ရဲပါတယ် ကိုယ့်အတွက် မင်းရဲ့အဓိပ္ပာယ်ဟာ ချစ်ခြင်းထက်ပိုတယ် သိလား ကိုယ်မြတ်နိုးရတဲ့ ညီမလေးရဲ့ အတင်းကြီးယုံပါလို့လည်း မပြောချင်ဘူး နှလုံးသားချင်း သိကြရမယ့် ကိစ္စမှာ ဘာကြောင့် စကားလုံးတွေ အလဟဿဖြုန်းတီးပစ်ရမှာလဲ သံသယခြကောင်တွေကို သတ်ပစ်လိုက် သူတို့ရဲ့ တောင်ပို့ကိုပါ ဖြိုပစ်ခဲ့ ချစ်ခြင်းနဲ့ တည်ဆောက်ထားတဲ့ အနာဂတ်မှာ တစ်ယောက်နှလုံးသားကို တစ်ယောက်လက်တွဲလို့ တစ်ယောက်အချစ်မှာ တစ်ယောက် ခုန်မင်စွာ ရင်ခုန်လိုက်ကြရုံ ဒီထက် ဘာမှ မလိုအပ်တော့ဘူးဆိုတာ ကိုယ့်တို့ပဲ သိလိမ့်မယ် ။ ။
မြို့
မြို့က အပုပ်နံ့နဲ့ လှပ ``လူပါးဝ´´လို့ ဘယ်မလဲ ငါတို့ လိုချင်တဲ့ အမှန်တရားတွေ လမ်းမတွေ ပေါက်ပြဲကုန်တဲ့အထိ ရှာမတွေ့ခဲ့ သီချင်းချိုတွေလည်း ခါးခဲ့ ဖိသိပ်ထည့်ထားတဲ့ ဒဏ်ရာတွေ အုံလိုက်ကျင်းလိုက် ပိတ်ဆို့ထားတဲ့ တံခါးတွေ အထပ်လိုက် အချပ်လိုက် အရေခွံအပုပ်နဲ့ ရောဂါသည်မြို့လေ `လေ´အားလျှပ်စစ်နဲ့ မီးလင်းမယ့် မြို့လေ ချွေး၊ သွေး၊ အသက်တွေ အကြွေးထူနေတဲ့ ကျုပ်တို့ မြို့လေ မြို့ရဲ့ နယ်နှင်ဒဏ်ပေးခံရတဲ့ အမှန်တရား နဲ့ တရားမျှတမှု ခေါင်းပါးတဲ့ ဘဝတွေ တဖြုတ်ဖြုတ်ကြွေ ကယ်တင်ရှင်နတ်ဘုရားတွေလည်း အောက်ခြေလှိုက်စားခဲ့ ကျုပ်တို့ကို ကယ်တင်ဖို့ ကျုပ်တို့ ကိုယ်တိုင်ပဲလိုတယ် ကဲ … မြို့ရေ နေနှင့်ဦးပေါ့ကွာ ။
ကမ္ဘာမြေနဲ့ နောက်ဆုံးညစာ
ညတွေ မှောင်မိုက်ပါစေ ဒါမှ အမှန်တကယ် မိုးလင်းနိုင်မယ် အခုတော့ ကမ္ဘာမြေရဲ့ လည်ပတ်မှုပေါ် ငါတို့ရဲ့ သံသယတွေလည်း လည်ပတ် ဝလုံးလား သုညလားဆိုတာ မနက်ကျမှ ဖွင့်ကြည့်ကြမယ် ကမ္ဘာမြေရေ… သင့်ရဲ့ မိုးရေတွေလည်း ခါးသက်ခဲ့ပြီ ကျိန်စာသင့် ရွက်ဝါတွေလည်း ကြွေလွှင့်ခဲ့ပြီ ငါတို့ရင်ထဲက မီးတောက်တွေလည်း အပူနဲ့ ထက်..မြ..ခဲ့..ပြီ.. ကမ္ဘာမြေရေ… သင့်ရှေ့ စားပွဲပေါ်က မှောက်ထားတဲ့ ဖဲတစ်ချပ်ဟာ ငါတို့ရဲ့ ကံကြမ္မာတွေဖြစ်တယ်… နွေဦးရဲ့ လေပြေလေညှင်းနဲ့ လွပ်လပ်ခြင်း ငြိမ်းချမ်းခြင်း သီချင်းကို သီဆိုဖို့ မနက်မိုးသောက်ယံတစ်ခု ငါတို့ လိုအပ်… မျှော်လင့်… တိုက်ပွဲဝင်မယ်လေ ဟိုးအရှေ့မှာ ရောင်နီ တောက်ပတဲ့ကြယ်တွေ အပြိုင်းပြိုင်းကြွေတဲ့ညပေါ့ ဝမ်းနည်းခြင်း မိုးတွေ ချုန်းကြထစ်ကြ ငါတို့ အောင်မြင်ဖို့ .. အမှောင်တွေလည်း လင်းတတ်ခဲ့ပြီ …။ ။
မျက်လုံး
ဘဝကို သက်တံတစ်ခုလို နေကြည့်တယ် (အရောင်တွေစုံလို့ပေါ့) လှတော့လှပါရဲ့ ဒါပေမယ့် ကွေးကွေးကြီးနေရတာ ကြာတော့ အဆင်မပြေဘူး တစ်ခါတစ်လေတော့လည်း ငါ့ယုံကြည်မှုကို ငါ ဆရာဝန်တစ်ယောက်လို ခွဲစိတ်ပိုင်းဖြတ်ကြည့်တယ် သံသယအစိုင်အခဲတွေ အပုံအပင်နဲ့။ လိုအပ်ရင် ငါနဲ့ငါ ကွဲလွဲလိုက်ဖို့ အဆင်သင့်ဖြစ်အောင်… ဒါကြောင့် ငါ့ဆီမှာ အရောင်တွေ စုံချင်မှ စုံမယ် ငါ့ရဲ့ အသီးအပွင့်ဟာ အာဟာရဖြစ်ချင်မှ ဖြစ်မယ် (ဒါပေမယ့် သီးပွင့်ခွင့်တော့ ရှိတာပဲ) လက်မခံချင်နေပါ လူသေကောင်ရဲ့ ဓား ငါ မဖြစ်ဖို့ဘဲ အရေးကြီးတယ်။
အရူးရေးတဲ့ ကဗျာ
ညိုပြာရောင်ဖူးပွင့်နေတဲ့ ညပေါ့ ငါ့သွေးကြောထဲက ပူစီဖောင်းလေးတွေ မေးခွန်းတွေနဲ့ ပလုံစီစီ ဘယ်လိုလဲ .. အချိန်လု ရှင်သန်ခြင်းထဲက အနှစ်သာရများ သတ်ပုံမှားနေတဲ့ လူသားဆန်မှုနဲ့ ပါးစပ်ပေါက်များ ငါ့ရဲ့ အတွေးအိမ်လေးဟာ ဟောင်းနွမ်းလွန်းလှပါပြီကွာ ဒီလိုနဲ့ဘဲ စက္ကန့်တံလေးတွေနဲ့အတူ အသက်တွေ ကပ်ကပ် ပါသွား (ငါ့အလည့်က ဘယ်အချိန်တုန်းတဲ့) အနှစ်မဲ့ အမှိုက်ပုံကြီးမှာတော့ ငါတို့ သေသေနေတာ အကြိမ် သုံးသန်းမကတော့ဘူး ဟုတ်ပါရဲ့ နှစ်ဆယ့်သုံးနှစ်လုံးလုံး ငါဘာတွေ ရရှိပေးဆပ်ခဲ့ပါသလဲ ချစ်ခြင်းမေတ္တာကလွဲရင် ညီမျှခြင်းနောက်ဘက်မှာ သုညထက်ဘာမှ ပိုမရှိဘူး ပူစီဖောင်းလေးတွေလည်း တစ်စစီ ကွဲပေါက် ငါ့အတွေးအမှိုက်ပုံလေးလည်း သေရှင် ရှင်သေ ငါလေ ချစ်ခြင်းကလွဲရင် ဘာမှ မကျေနပ်ဘူး