ပင်လယ်အောက် လေရှုထွက်ခြင်း
အဆုတ်ထဲ လေမရှိတော့ ရင်ဘတ်ထဲက အောင့်လာတယ် ငရဲခန်းက ခန္ဓာအထဲမှာလား ခန္ဓာကိုယ် အပြင်ဘက်မှာလား ပြာကျပြလိုက်ဖို့ အရင်လောင်မြိုက်ရဦးမယ် ... လေ ... ... .. . ၂၅-၁၀-၂၀၂၁ ည ၁၀
ကြယ်တွေအတွက် ကဗျာ
အခုတစ်လော လူတွေကြွေရင် ကြယ်ဖြစ်သတဲ့ ကြယ်မှုန်ကြယ်မွား ကြယ်အကျွင်းအကျန်အတွေဟာ ငါ့ရဲ့ မပျော်ရွှင်ခြင်းတွေဖြစ်လာခဲ့ ငါရယ်နေမိတယ် ငါ့ခံစားချက်အသေတွေ ပွက်ပွက်ဆူ လောင်မြှိက်လို့။ ဒဏ်ရာတွေက ထပ်သလဲလဲ နက်သထက်နက်လာ မုန်တိုင်းလမ်းကြောင်းတည့်တည့်က ငါ့ဝိဉာဥ် အကြိမ်ကြိမ် ပြိုကွဲ ငါကြေကွဲလိုက်ပုံများ ငါ့ကိုငါတောင် ပြန်ကောက်သိမ်းစရာ မရှိတော့ ပျော်ရွှင်မှုတွေ မရှာဖွေချင်တော့ပါဘူး စိတ်ကျတွင်းနက်တဲ့ ခုန်ဆင်း ငြိမ်ငြိမ်လေးသာ ထိုင်ချင်နေမိ အဓိပ္ပါယ်တွေ အရောင်လွှင့်ကုန်တာ အသာထိုင်ကြည့်ရင်း။ သွားနှင့်ကြတော့ ကြယ်တို့ရေ ငါလည်း တစ်နေ့တော့ အတွင်းလောင်မြှိုက်ခြင်းဆီမှ အပြင်လောင်မြိုက်ခြင်းဆီသို့ အတောက်ပဆုံး။
လွမ်းမိတဲ့မြို့
နေခြည်ဟာ လွမ်းတဲ့စိတ်နဲ့ တို့မြို့လေးပေါ် ခပ်စောစော ဖြာကျလာတယ် ပြောင်းလဲသွားတဲ့ မြေပုံအနေအထားမှာ မြေသြဇာကောင်းကောင်းက ရုန်းထွက်လာတဲ့ အထပ်မြင့်အဆောက်အဦးတွေကြား ကုန်းတွေကို ကျော်တဲ့ တံတားတွေကြား ဟိုအရင် လျှောက်ခဲ့ဖူးတဲ့လမ်းလေးတွေ ပြန်မရှာတတ်ခဲ့ဘူး အခုတော့ ဘယ်တော့ ပြန်ရောက်မယ်မှန်း မသိနိုင်တော့တဲ့ မြို့ပေါ့ သေနတ်ဒဏ်ရာ ဗရပွနဲ့ ဘယ်လို ကုစားရမလဲ မြို့လေးရေ... အနာတွေက သိပ်နက်တယ်နော် သွေးမှတ်တမ်းမှာ နာမည်တွေ ထပ်ထပ်တိုးလာနေတော့တာပဲ တစ်ချို့လူတွေအတွက် မြို့လေးက နောက်ဆုံးခံတပ်တဲ့ အရင်က ကြိုက်ခဲ့ဖူးတဲ့ ကဗျာစာသား တကယ့်လက်တွေ့ဖြစ်လာတော့ အိမ်မက်ဆိုးကြီး ငါကတော့ အဝေးက စာတစ်စောင်ထက် မပိုဘူး လူသေလက်ထဲက ဓားပဲ နာကျင်ရပါတယ် အမေရှိတဲ့ မြို့လေး တစ်နေ့ ငါပြန်လာမယ့် မြို့လေး ကမ္ဘာနှစ်ခု စစ်ပွဲကြားမှာ ဓမ္မတေးဆို ပြည်သူတွေ အောင်နိုင်ပါစေ ပွင့်လင်းရောင်ခြည်တွေ အမှောင်မိုက်ဆုံးထောင့်များထိ လင်းဖြာနိုင်ပါစေ ငါရှာမတွေ့ခဲ့တဲ့လမ်းတွေ အမြန်ပြန်ရှာနိုင်ပါစေ
နောက်ဆုံးငရဲ
အရင်တုန်းကလည်း ဒီဟာသ အခုလည်း ဒီဟာသပဲ မင်းဟာသက မရီရဘူး မင်းကိုယ်တိုင်က ရီစရာ ပြဿနာက မင်းဟာ စုံလုံးကန်း ငါတို့အတွက်က နောက်ဆုံးငရဲ မင်းအတွက်တော့ လာမယ့် လက်တွေ့ငရဲအသင်္ချေ ပြဿနာက ဒါကို မင်းမမြင်ဘူး စောက်လောဘအိုးကြီး လူတိုင်းရဲ့ကျိမ်စာမှာ အရှင်လတ်လတ်ပုပ်ပွနေတာများ မြင်မကောင်း မနက်တိုင်းအဆဲခံ ညတိုင်းအဆဲခံ မကောင်းဆိုးဝါး နှင်ကို နှင်ရမယ် ဒီကဗျာဟာ ကျက်သရေကို မရှိဘူး ထွီး ၈ ဂျွန် ၂၀၂၁ ၁၃း၀၃
အနာမကျပ်သော
ရှုပ်နေတဲ့စိတ်နဲ့ လမ်းတွေ လျှောက်နေမိတယ် ဒဏ်ရာတွေ တဖြုတ်ဖြုတ် ကျကျန်ခဲ့ရင် ကောင်းမယ် ငါတို့ထမ်းထားရတဲ့ဝန်က အကြီးကြီး ဆူးတွေနဲ့ ငရဲနားနီးတဲ့အထိ ငါတို့ နှစ်မြုပ်ရ ပူလိုက်တာလို့ မအော်မိအောင် သတိထားရတယ် ငါတို့ထက် ငရဲနားနီးတဲ့သူတွေ အများကြီးလေ တစ်ချို့က ငရဲထဲ ဖြတ်လျှောက်နေရတယ် တစ်ချို့က ငရဲအလယ်တည့်တည့်မှာ ဒဏ်ရာတွေ တဖြုတ်ဖြုတ် ကျကျန်ရစ်ခဲ့ရင် ကောင်းမယ်လေ အခုတော့ လက်နက်ကြီးတွေပဲ တဖြုတ်ဖြုတ်ကြလာ ဖွာလန်ကြဲသွားတဲ့ ဘဝတွေ ရမ်းမှုန့်ပေသွားတဲ့ ဖြူစင်မှုတွေ ဒေါသနဲ့ဒဏ်ရာရော မျက်လုံးစုံဖောက်ပြီး တစ်ခါတည်းမော့ချလိုက် နာကျင်ခြင်းတွေ နယ်လွန်နေကြပြီ ဒီစောက်ဒဏ်ရာတွေ တဖြုတ်ဖြုတ် ကျကျန်ရစ်ခဲ့ရင် ကောင်းမယ် ၂၀၂၁-၀၆-၀၆ ၈:၁၇ ည
မီးမဲ့မီးပြတိုက်
မီးမဲ့မီးပြတိုက်အောက် ပင်လယ်ဟာ တွေဝေလို့နေပြီ နွေဦးရွက်ကြွေအသက်တွေ မျက်ရည်တံတားမှာ နောက်ဆုံးပြောသွားတဲ့စကားတွေ လမ်းဆုံလမ်းခွမှာ တစ်စုံတစ်ယောက်ဟာ ဇီမာလမ်းဆုံကဗျာကို ရွတ်နေတယ် ငါတို့ ပြောင်းလဲပစ်လိုက်တဲ့ ရာသီဥတုတွေလို သူတို့ဦးနှောက်လေးတွေ အပြောင်းခံရ သေနတ်မောင်းဆွဲရတာ လွယ်သလောက် သမိုင်းတကျော့ပြန်လာဖို့က ပိုလွယ်သတဲ့ ငါတို့ရဲ့ မျက်ရည်ကြီး မျက်ရည်ငယ်မှာ ဧရာဝတီ သာယာဝပြောပါစေ ငါတို့ရဲ့ ကြေမွနေတဲ့ နှလုံးသားမှာ ငါတို့ မျိုးဆက်သစ် ထွန်းတောက်ပါစေ ငါတို့ရဲ့ မတိတ်တဲ့သွေးမှာ စစ်ဘီလူးတွေ ကျဆုံးပါစေ ဆုတောင်းသံတွေ ကမ္ဘာကို လွမ်းခြုံလို့ ငရဲဟာ အခုထိ မကြားနိုင်သေး... ၁၆-မေ-၂၀၂၁ ည၁၀
နွေဦးတော်လှန်ရေး
ငါမခံစားနိုင်တော့ဘူး သက်ပြင်းတွေ တုန်ရီရှည်လျား ငါ့ခံတပ်ဟာ ယဲ့ယဲ့လေး တွန်းလှန်နေရ အားတင်းထားရတယ် အဝေးမှာ စကားလုံးတွေက ပေါ့ပျက်လွန်းတယ်ကွာ ငါ၊ ဆက်မရေးနိုင်တော့ဘူး
တစ္ဆေ
Cloud9 ပေါ် တက်ကြည့်လိုက်တော့ နာကျင်ခြင်းတွေ တစ်ဆတ်ဆတ် ပြုတ်ကျလာတယ် အခုပဲ မီးညှိလိုက်တဲ့ဆေးလိပ်က အငွေ့မထွက်ဘူး ခေါင်းထဲမှာတော့ မေးခွန်းတွေ အူနေပြီ ကြေကွဲမှုဆီ ခြေလမ်းတွေ တစ်ရွေ့ရွေ့... ခြောက်ခြားစရာလား ငါမသိတော့
ငါတို့အိမ်ပေါ် လက်နက်ကြီးကျတဲ့နေ့က
ဝုန်းဆို ငါ မွစာကြဲသွားတယ် ငါ့လက်တစ်ဖက်က ငြိမ်းချမ်ရေးကတိပေါ်ကျတယ် နောက်တစ်ဖက်က ခိုးကိုးရာမဲ့ လေထဲဝဲလို့ မီးခိုးနဲ့ သွေး ... မျော်လင့်ခြင်းကို ပိတ်ဖုံးသွားပြီ။ ငါ၊ ဘာ၊ လုပ်၊ မိ၊ လို့၊ လဲ၊ ငါ့မှာ ထပ်ပြီး ကြေကွဲစရာ ရုပ်နမ် မရှိတော့ဘူး။
ငါတို့အိမ်ကို မီးရှို့ခံရတဲ့နေ့က
လောင်မြိုက်ခြင်းတွေထဲက ငါ့ကို ကြည့်လှည့် တိတ်တဆိတ်ငိုကြွေးခြင်းမှာ မျက်ရည်ဟာ အထက်အောက် မစီးဆင်းတော့ အမုန်းတွေထဲ တိမ်အနားကွတ်လေးတောင် အရည်ပျော်ပြီ။ မီးခိုးဖြစ်သွားပေမယ့် မပြီးသေးဘူး တစ်ငွေ့ငွေ့မြစ်လို ဒဏ်ရာတွေ အမာရွတ်တွေ သွေးတွေ မျိုးဆက်များစွာ အသည်းစိုက် နာကျင်...