ငါဟာစက်ရုပ်လို
စက်ရုပ်တွေတောင် ငါ့ထက် စဉ်းစားတွေးခေါ်မှု ပိုဦးမယ် ငါ့ဦနှောက်ထဲမှာတော့ ဗလာ လက်တွေ အဆက်မပြတ်လှုပ်ရှားနေတယ်။ မျက်လုံးတွေ အစဉ်ဟိုဒီကြည့်နေတယ်။ ခေါင်းက ဘယ်ဘက်လှည့်တယ် ညာဘက်လှည့်တယ်။ ခန္ဓာဟာ ဟိုဘက်ဒီဘက် ရွေ့လျားနေတယ်။ နှလုံးတော့ မခုန်ဘူး။ တစ်ရစ်ပြီး တစ်ရစ် မြွေလို ညောင်မြစ်လို ကင်ဆာဆဲလ်လို
သွေးနံ့ရတယ်
သွေးနံ့ရတယ် လျှာပေါ်မှာ သွေးညှီစို့စို့ ငန်နေတယ်။ ကောက်ကျစ်မှုတွေ ကွေးကောက်နေတယ် အာရုံပေါ် မြွေလို ကန့်လန့်ဖြတ် တင်နေတယ်။ မြင်နေရတဲ့ အမှောင်က အမှောင်လား ငါ့စိတ်ထဲက အမှောင်လား။ ကြောက်လန့်မှုမှာ စက်ဆုတ်ရွံရှာမှု ဒီဂရီ ပိုများနေတယ် သေခြင်းမှာ ရနံ့ရှိတယ်လား။ တုန် ခါ နေ... ပြုံးလိုက်ဖို့ကို ငါမတတ်နိုင်ခဲ့ဘူး။ ၂၄-၀၁-၂၀၁၈ (ညနေ ၆း၃၈ စင်ကာပူ)
ဗိုင်းရပ်စ်သီချင်း
လှိုင်းလုံးတွေအောက် မိုးခို တိမ်ညိုညိုထီးကို ဖွင့်ဆောင်း မိုးးး ရွာပြီလားဟေ့ ငါတို့တော့ ဖျားဖို့ နာဖို့ အဆင်သင့်ပဲ ရောဂါပိုးတွေ ဝတ်မှုန်ကူးဖို့ ငါတို့ ပျံသန်းကြဦးစို့
မိသားစု
အမေဆီ ဖုန်းမဆက်ဖြစ်တာကြာပြီလေ အမေရဲ့ အိုမင်းရင့်ရော်လာမှုကို ငါ မခံစားနိုင်ဘူး ငါဟာ ရှောင်ပုန်းသူကြီးပဲ အဖေနဲ့ငါ သူက တွန်းသလား ငါက ခွာသလား မမှတ်မိတော့ဘူး ဝန်ရိုးစွန်းနှစ်ခုမှာ ငါ့သားတွေကို ငါထိုင်ကြည့်တယ် အချိန်ရတုန်းလေး နမ်းရှိုက်ထားမိတယ်။ ၁၃-၁၂-၂၀၁၇ ည၁၁:၃၀
ကမ္ဘာနှစ်ခြမ်း
ကမ္ဘာတစ်ဖက်ခြမ်းမှာ နှင်းတွေကျနေပြီလား ဒီဘက်ခြမ်းမှာတော့ မသိခြင်းမိုးတွေရွာနေပြီ ချိုခါးထက်မြတဲ့ ဒီဇင်ဘာရဲ့သွားတွေ အစွယ်တဖွေးဖွေး ပစ်ခနဲထွေးလိုက်တဲ့ ပစ္စုပ္ပန်ထဲက ဆင်ဖိုနီများ ပြစ်ခဲဆွေးမြေ့ အိပ်မပျော်ခြင်းဟာ အိမ်မက်တံခါးကို ခေါက်ပြီး ဝင်လာတယ်။ ကမ္ဘာတစ်ဖက်ခြမ်းမှာ အာရုံကျင်း လင်းပြီလား တို့တွေဘက်ခြမ်းမှာတော့ အတ္တအမှောင်တွေ တစ်ရစ်ပြီးတစ်ရစ် ပတ်ခွေလာ နေရာတိုင်း ပိုးစားခံရတဲ့ ဦးနှောက်များ၊ ရှောင်ပြေးမရ ကျဉ်ဆံခွံပေါ်က ဝိဉာဉ်တွေရဲ့အမည်များလည်း ယမ်းငွေ့တွေ ရှူရိုက်နေရတုန်း အဖြူရောင်လူသားဟာ အိမ်မက်ထဲက ပြန်ထွက်မရတော့ဘူး။ ကမ္ဘာရဲ့တစ်ခြားဖက်အခြမ်းမှာ တို့တွေ ပျော်ပျော်ပါးပါး နွံနစ်နေကြ။ ၁၂-၁၂-၂၀၁၇
ပလက်စတစ်မိုးတိမ်များ
အိမ်မက်တွေကို ရွာချလိုက်ပြီလား ပင်လယ်ထဲမှာ ကိုယ့်အတွေးတွေ လေးလံစွာ အထီးကျန် ကြယ်စင်မှောက် လမ်းပျောက်ခဲ့ပြီလား ငါ့ခန္ဓာထဲက နေ့တဒူဝ လျှပ်စစ်များ ထုံကျဉ် ဝေမှိုင်း အဆိပ်အတောက်များလွန်းရဲ့ နှလုံးသားဟာ တစ်စတစ်စ ဆုတ်ခွာလို့ သွားခဲ့ပြီ လက်ကျန်ဒဏ်ရာတွေကို အနာဂတ်မှာ ကျောသပ်ဖို့ အခု ရေလောင်းပေါင်းသင် သွေးအေးရမယ် ဒဏ်ရာရဲ့ချိုမြိန်ခြင်းတွေ ပျိုးလက်ဆီ စီးဝင် ဘယ်တော့မှ မကျက်မယ့် ဒဏ်ရာတွေ ပျိုး ကျေနပ်ပါတယ် ကိုယ့်အပြုံးကိုယ်မြင်ရင်တောင် ယုံနိုင်မယ်မထင်ဘူး ၂၀ မေ ၂၀၁၇ ည ၁၀:၃၈ ချမ်းမြေ့နဲ့ ကလေးနှစ်ယောက်အဝေးမှ
အလွမ်းရာသီ
အလွမ်းရာသီ ဒီရေထချိန်ပေါ့ နတ်ခက်တွေလွဲ ပင်လယ်ဆိုပေမယ့် မြစ်တို့ဆီ မစီးဆင်းနိုင် သတိရခြင်းတွေ မုန်တိုင်းထန်ခဲ့ပေါ့ အို အောက်တိုဘာ ကျွန်းစွယ်လေးမှာ မိုးတွေ ငိုခဲ့
ကဗျာထုံဆေး
ကဗျာ မရေးဖြစ်ဘူး လူနာတစ်ယောက်လို ကဗျာ မရေးဖြစ်ဘူး ဖေ့ဘုတ်ဟာ ငါ့ဘဝကို ပွတ် တိုက်စား ကဗျာ မရေးဖြစ်ဘူး ထုံဆေးဟာ ဘယ်တော့မှ မပြယ်တော့ ၁၀-၁၀-၂၀၁၆ ၇:၂၉ မနက်
အဖေ
ဖခင်မေတ္တာဆိုတာ စားဖိုမှူးလက်ထဲက ဟင်းထဲထည့်မယ့် ဆား၊ မြုပ်နှံလိုက်ရတဲ့ စိတ်ကူးတွေ မွေးဖွားလာတဲ့ အိမ်မက်တွေ ခြေချောင်းလေးတွေပေါ်မှာလည်း ရူးသွပ်တာပဲ အချိန်တွေဖျော်ပြီး သားမျှော်လင့်ချက်တွေထဲ လောင်းထည့်ပေးလိုက်တယ် ဘဝဆိုတဲ့ ကိတ်မုန့်၊ သားပျော်ပျော်ရွှင်ရွှင် စားပါလေ
အပြေးသမားတစ်ယောက်
အပြေးသမားတစ်ယောက် ပြေးတယ် ဘာကို ပြေးနေသလဲ ဘာအတွက်ပြေးနေသလဲ မသိဘူး ဝေးလေ ပြေးလေ ရှေ့ငါးပေအကွာဟာ သူ့ရဲ့ လက်ရှိ ပန်းတိုင်ပဲ ခြေထောက်တွေက စက်ပစ္စည်းတစ်ခုသာ ခေါင်းထဲမှာ ဘာမှမတွေး တွေးချင်ရာတွေး ပြီး မမှတ်မိတော ဇောနဲ့ချုပ်နှောင် ဆားတွေအငွေ့ပြန်ပြေး အသက်ရှူသံမမှန် အသက်ရှူသံမှန်မှ ဖြစ်မယ် နောက်ဆိုအမောဆို့ဖို့ပဲ ပြေးနေဆဲ ပြေးနေမြဲ လမ်းကြောင်းရှိသရွှေ့ပြေးပေး လက်ခုတ်သံတွေ မကြားတကြား မလိုသလို နားထဲက သီချင်းသံတွေ ကတ္တရာလမ်းပေါ် လျှမ်ကြခဲ့ ကျွမ်းထိုးမှောက်ခုန် ပြီးတော့ ပန်းတိုင်တွေ မလိုချင်တော့ဘူး ပန်းတိုင်ကို မျှော် ဘ၀ဆိုတာ လုံးနေသ၍ ပတ်ချာချာလည်ပြေး နွားကြီး တိုင်ပတ်သလို ပြေး ကိုယ်ဘာသာ ညှဉ်းဆဲမှုဟာ ကိုယ်ကိုယ်တိုင်ရွေးချယ်မှု ဟုတ်မဟုတ် ပြေးနေဆဲ ပြေးနေမြဲ ရှိသမျှသွေးကြောတွေ ခုန်ပေါက် လက်ကျန်အသက်ဓာတ်နဲ့ အပြေးသမားတစ်ယောက် ပြေးတယ် ဘာကို ပြေးသလဲ ဘာအတွက်လဲ မသိတော့ ဂျွန် ၆၊ ၂၀၁၄ ၃နာရီ၄၃မိနစ် ညနေ