အပြေးသမားတစ်ယောက်
အပြေးသမားတစ်ယောက် ပြေးတယ် ဘာကို ပြေးနေသလဲ ဘာအတွက်ပြေးနေသလဲ မသိဘူး ဝေးလေ ပြေးလေ ရှေ့ငါးပေအကွာဟာ သူ့ရဲ့ လက်ရှိ ပန်းတိုင်ပဲ ခြေထောက်တွေက စက်ပစ္စည်းတစ်ခုသာ ခေါင်းထဲမှာ ဘာမှမတွေး တွေးချင်ရာတွေး ပြီး မမှတ်မိတော ဇောနဲ့ချုပ်နှောင် ဆားတွေအငွေ့ပြန်ပြေး အသက်ရှူသံမမှန် အသက်ရှူသံမှန်မှ ဖြစ်မယ် နောက်ဆိုအမောဆို့ဖို့ပဲ ပြေးနေဆဲ ပြေးနေမြဲ လမ်းကြောင်းရှိသရွှေ့ပြေးပေး လက်ခုတ်သံတွေ မကြားတကြား မလိုသလို နားထဲက သီချင်းသံတွေ ကတ္တရာလမ်းပေါ် လျှမ်ကြခဲ့ ကျွမ်းထိုးမှောက်ခုန် ပြီးတော့ ပန်းတိုင်တွေ မလိုချင်တော့ဘူး ပန်းတိုင်ကို မျှော် ဘ၀ဆိုတာ လုံးနေသ၍ ပတ်ချာချာလည်ပြေး နွားကြီး တိုင်ပတ်သလို ပြေး ကိုယ်ဘာသာ ညှဉ်းဆဲမှုဟာ ကိုယ်ကိုယ်တိုင်ရွေးချယ်မှု ဟုတ်မဟုတ် ပြေးနေဆဲ ပြေးနေမြဲ ရှိသမျှသွေးကြောတွေ ခုန်ပေါက် လက်ကျန်အသက်ဓာတ်နဲ့ အပြေးသမားတစ်ယောက် ပြေးတယ် ဘာကို ပြေးသလဲ ဘာအတွက်လဲ မသိတော့ ဂျွန် ၆၊ ၂၀၁၄ ၃နာရီ၄၃မိနစ် ညနေ
အလွမ်းဟာ တောင်တန်းတွေကို ကျော်ပြီး အိမ်ပြန်ရောက်သွားတယ်
တကယ်ဆို ငါကိုယ်တိုင်က မျှော်ဆန့်ငေး နေရုံ မြို့ကလေးပါ အမှောင်တွေထဲကို တိုးဝင် ဝပ်ထွားလို့ ရိုကျိုး အလင်းရဲ့အစွန်အဖျား အနားသတ်လေးမှာ ကျွမ်းလောင်ဆဲ ကျေးလက်လေးဆီသို့ အလွမ်းနဲ့ နာရီတွေ ဦးတည်လိုက်မိပါရဲ့ တရွတ်တိုက် နှစ်မြုပ်ခဲ့တဲ့ ဘဝလေးတစ်ခု စီးဆင်းဖို့ အဆင်မပြေမှုတွေထဲ လက်လျှို ထားခဲ့တာ ကြာပြီပေါ့ ဂျိုကာ ဘယ်နှစ်ကောင် ရရ မနိုင်နိုင်တဲ့ ကစားဝိုင်းပါပဲ သေမင်းရဲ့ အံစာဟာ ၇ မျက်နှာရှိသတဲ့ \*\* စိတ်ရှိတိုင်း လွှတ်ချ ကမ္ဘာမြေမှာ အဝါရောင်တွေ ပါးလျှခဲ့ပြီ ဒီလိုနဲ့ ညအမှောင်က ငါ့ပြတင်းပေါက်လေးကို ခပ်ဝေးဝေး ရွှေ့ပစ် ဆောင်းအိပ်မက်ဟာ ဆောင်းနဲ့ နွေဦးကြား စက်ဘီးလေးနဲ့ တစ်ရွေ့ရွေ့သွား မျှော်လင့်ချက်တွေ အမြီးတန်း ဆန့်ငေး ဆော်လမွန်ငါးတို့ငဲ့ ပြန်စရာမြစ်ချောင်းတွေလည်း ကော ခဲ့ပြီကော ၁၂-ဖေဖော်ဝါရီလ-၂၀၁၄ ညနေ ၃:၃၅မိနစ် (\*\*from The Book Thief by Markus Zusak)
ဒီဇင်ဘာ ၁၃ / ဒီဇင်ဘာအပိုတွေ
လူတိုင်းဆောင်းရာသီကိုနှစ်သက်ကြတာပဲ။ ငါကျမှ ဘာပို ထူးမလဲ ဒီလို ထပ်ခါထပ်ခါဒီဇင်ဘာတွေ / ဒီဇင်ဘာအပိုတွေ ညှပ်ညှပ်ထုတ်ပစ်ခဲ့ ဘ၀ရဲ့ စက်လက်မောင်းတွေ ရှည်လျားရာ မုန်တိုင်းကမ္ဘာမှာ ဒီဇင်ဘာဟာ မပျော်ရွှင်နိုင်တော့ဘူး။ ကြာတော့ အရောင်တွေကလှလိုက်တာဆို အဖြူနဲ့အမည်း ဒီဇင်ဘာအသစ်စက်စက်တွေလည်း ချက်ချင်းအိုဟောင်းသွား တားမြစ်တောထဲက ရောင်စုံပန်းသီးတွေလည်း ပုတ်သိုးသွား ဆွေးမြေ့ဟောင်းနွမ်းလှချည်ရဲ့ ဒီဇင်ဘာ ဆွေးမြေ့ဟောင်းနွမ်းလွန်းလှချည်ရဲ့… ဆောင်းငိုတော့ နှင်း ဒီဇင်ဘာငိုတော့ ကဗျာ ကဗျာတွေ ငိုပြီလား ဒီဇင်ဘာ (ကဗျာ့မျက်ရည် စာရွက်ပေါ်ကျကောင်းရဲ့လား) ဘက်ထရီကုန်သွားတော့မယ့် ဒီဇင်ဘာ နောက်ဆုံးအားလေး ညစ်ထုတ်ပြီး လင်းဖို့ကြိုးစား လူကြုံပေးလိုက်တဲ့ ဒဏ်ရာတွေတောင် လွှတ်လှလာ ရေတံခွန်တွေထဲက နှင်းစက်လေးတစ်ပွင့်သာ… ၂၅ နိုဝဘာ ၂၀၁၃ (၁ဝ၄၅ ည)
ညက ငါ့အိပ်ရေးတွေကို ခိုးယူသွားတယ်
ဒီည အိပ်မပျော်ဘူး အရိပ်တွေ အပိုအလိုမရှိ ရွေ့လျား ဆန့်ထွက်ကြ ဖမ်းဆွဲမယ့် လက်တွေလို ဒါလီရဲ့နာရီများ ငါ့စားပွဲပေါ် ဖိတ်စင်မှောက်ကျ အသံတွေ တရွတ်တိုက်ဆွဲ ညက နားပါးတယ်။ ညက ရွေ့နေတယ်။ နောက်ဆုံး… မနက်ခင်းဟာ ချွေးနံ့ တထောင်းထောင်းနဲ့ ရောက်လာတော့တာပဲ။ ဇန်နဝါရီ ၅ ၊ ၂၀၁၃ မနက် ၄း၁၄
ခရမ်းရောင်နေ့စွဲတွေ
ငါ့ရဲ့အိမ်ပြန်ချိန်တွေက မှောင်မိုက်လွန်းတော့ မျက်နှာတင်းတင်းတွေနဲ့တွေ့တဲ့အခါ ဘဝဆိုတာကြီးနဲ့ ကမောက်ကမ ငါ ပိုမှောင်မိုက်သွားတယ် ငါဆိုတဲ့ကောင်ကလည်း ဒဏ်ရာအဖျားမှာ ပျားရည်သုတ်ပြီးမှ နာကျင်ချင်တဲ့ကောင် အမောဖောက်၊ ကျောထောက်ချခံရသမျှ ဘယ်တော့မှမကုန်အောင် အချိန်ဆွဲသောက်တဲ့ ကော်ဖီတွေလို အချိန်မရွေးကုန်ပလိုက်လို့ရတဲ့ အတွေးတွေ စိတ်ပဲ အကုသိုလ် တစ်ခွဲသားနဲ့ စိတ်ပဲ အချိန်တွေ လည်ပတ်နေတာ စိတ်ပဲ ဝေးကွာမှုရဲ့ အတိုင်းအတာ ဒုက္ခက သိပ်လှတာပဲဆိုတာ မြေပြန့်ပြန့်မှာ ခလုပ်တိုက်သလို နှင်းဆီဆူး ဆူးမိသလို လက်ခံလိုက်တယ် ညနေခင်း သက်တံတွေလည်း သိပ်လှတယ် ခရမ်းရောင်နေ့စွဲတွေ ခုန်ပေါက်လိုက်ကြစမ်းပ ကဆုန်ဆိုင်းမြင်းရိုင်းတွေလို …။ ၁၄-၀၅-၂၀၁၂ (၆း၄၃)
၇-မတ်-၂၀၁၂
မွေးနေ့ဆိုတာ၊ အခုနောက်ပိုင်း ကြောက်စရာရောဂါတစ်မျိုးဖြစ်လာတော့တာပဲစိတ်ကူးထဲမှာ နေဝင်ချိန်ကို ငေး ငေးကြည့် ဆင်ခြင်တုံဆိုတာ သတ္တဝါတစ်မျိုး နာမည်လား??? များများပြုံးနိုင်ဖို့အတွက် များများတွေဝေမလား??? ကိုယ့်စိတ်ကိုကိုယ် ပိုင်ဖို့ နိုင်ဖို့ မဟာတော်လှန်ရေးကြီး စ ရင်ကောင်းမလား??? လွတ်ချခဲ့သမျှတော့ အဖိုးတန် ညနေခင်းတွေချည်း (ဆုပ်ကိုင်ထားခွင့်လည်း မရှိခဲ့) ငါ့မှာ နေမဝင်တော့ဘူး မိုးစုန်းစုန်းချုပ် ဒီလို ဘဝက လုံးသွားပြီဆိုတိုင်း Jeremy Lin ရဲ့ ပစ်ဘောတွေလိုတော့ မဟုတ်သေး လိမ်ဖယ် လိမ်ဖယ် ကဲ ဟေ့ ဒီတစ်ကွေ့လည်း… အရှိန်မလျှော့ပဲ ကွေ့ချလိုက်တာပဲ ပျော်စရာ ခြေသံတွေ လုံခဲ့သမျှ၊ ကိုယ့်လိပ်ပြာကို ပြန်လှန့်ရမယ်ဆို ငါ/ကျွန်တော်/ဟုတ်ကဲ့/ဟင်အင်း ၈ မတ်လ ၂၀၁၂
ငါ့လက်ထဲက ဂျိုကာ
ငါဟာ ငါ့ရဲ့ ဟာသပါပဲ လူရွှင်တော်ဒဏ်ရာနဲ့ "မကျေမနပ်ပြတ်လုံး"တွေ ရေရွတ် တစ်ကိုယ်တော်မှောက်မှားခဲ့တဲ့ မိုးကြိုးညပျက်ပေါင်းများစွာ ဂျိုကာတစ်ကောင်ရဲ့ငိုပွဲဟာ လူများတွေအမြင်မှာတော့ ရယ်စရာပါပဲ ငါလည်း ငါ့ကိုယ်ငါ ဝမ်းနည်းပက်လက် ရယ်ပွဲဖွဲ့ အမုန်းကျောက်တုံးတွေ ငါ့လည်ပင်းမှာ အသာအယာချီဆွဲ ကံတရားမျက်နှာလိုက်မှုကို မယုံမကြည်နဲ့ နာကျင်ခံခက် ဒုက္ခပင်လယ်ထဲ ထိုးဆင်းလိုက်တဲ့အခါ ငရဲ နဲ့ နိဗ္ဗာန် ကျောခင်းကပ်လျက် ပရိတ်သတ်ကြီး ရီ(ရယ်)ပါ။
ငါ့ဘန်ဝတ် ဘယ်သူရွှေ့သွားသလဲ?
အနည်ထိုင်နေတဲ့ မန်မိုရီတွေ အမှိုက်တွေ အပြည့်နဲ့ ဟာ့ဒစ်တွေ ခေတ်ကြီးထဲ ငါ့ဘန်ဝတ်ကို ဘယ်သူလာလုသွားသလဲ တစ်နေ့တစ်နေ့ တွက်ချက်မှုနဲ့ ရှင်သန်နေရတဲ့ ပရောစက်ဆာတွေ ကေဘယ်ပေါင်းစုံပေါ်မှာ ပြေးလွားနေရတဲ့ ဒေတာတွေ အရေးကြီးလို့ပါ ငါ့ဘန်ဝတ်ကို လာမလုကြပါနဲ့ လိုက်မမီနိုင်အောင် အသစ်တွေ တဖျတ်ဖျတ်နဲ့ ဝက်(ဘ်) စွမ်းအင်သိပ်စားတဲ့ ပရိုဂရမ် လိုအပ်မှုတွေထဲ ငါ့ဘန်ဝတ်တွေ ဘယ်ပျောက်ကုန်ပြီလဲ ပေါ်လာတစ်စက္ကန့် ပျောက်သွား ခဏခဏ ကြည့်နေတဲ့ ဗီဒီယို ထစ်နေလို့ပါ ငါ့ဘန်ဝတ်လေး ပြန်ပေးပါ ဝါယာကြိုးတွေနဲ့ ကမ္ဘာ ဝါယာကြိုးမဲ့ ကမ္ဘာ ထိုင်ပဲစောင့်နေရမလား၊ ဟန်မ် နဲ့ ဟော့ လိုပဲ ထပြီးလိုက်ရှာရမလား ပျောက်နေတဲ့ ဘန်ဝတ်တွေအတွက်...
ဒီနေ့အကြောင်း
မနေ့ကအကြောင်း မပြောနဲ့ဆိုတော့ ဒီနေ့အကြောင်း ရေးမယ် ဒီနေ့က ငါရဲ့ထုံထိုင်းမှုတွေနဲ့ ဒီနေ့က ငါ့ရဲ့ ညောင်းညာမှုတွေနဲ့ အမေ့ဆီ ဖုန်းဆက်တယ် ခြေသည်းလက်သည်း ညှပ်တယ် အွန်လိုင်းပေါ်မှာ တစ်နေကုန်တယ် မပြီးသေးတဲ့စာတွေကို မသိချင်ယောင်ဆောင်တယ် ကွေးကောက်သွားတဲ့ခြေသည်းတွေလို ငါ့စိတ်နဲ့ငါ ခြေစွယ်ငုတ်တဲ့ ဒီနေ့ လူမှုရေး ညောင်းညာမှုတွေနဲ့ ဒီနေ့ ကိုက်နေတဲ့ မျက်ရိုး၊ ဆာနေတဲ့ဗိုက်၊ ကိုယ်သွေးကို ပြန်စုတ်မိတဲ့ ဂျပိုးလို ဒီနေ့ တံခါးတွေ ဖွင့်ထားသလိုလို ပိတ်ထားသလိုလို မတင်မကျ ဒီနေ့ ကိုယ်ကိုကိုယ် ပြန်မဆက်သွယ်နိုင် ကိုယ်ဘာသာစကားကိုယ် နားမလည် ကိုယ့်အော်သံ ကိုယ် မကြား ကိုယ့်ငရဲမှာ ကိုယ်ပျော်တဲ့ ဒီနေ့ပေါ့ မေမေရေ ဖုန်းကိုင်ပါတော့ ထုံထိုင်းမှုမှာ ကျွန်တော့်အရေပြားတွေ ခြောက်သွေ့ကုန်ပေါ့
အဓိပ္ပာယ်တွေ ရှာမရတော့တဲ့အခါ... ကဗျာ
ရေခိုးရိုက်နေတဲ့ မှန်တစ်ချပ်လိုပဲ အနာဂတ်တွေက ဝေဝါး - ဝေးဝေးမမြင်နိုင် အချိန်မှန်ပျက်တတ်တဲ့မီးလိုပဲ ကံဆိုးခြင်းက အချိန်မှန်ထက်စောစောပြီး ရောက်ရောက်လာ - တစ်ခါတစ်လေ တစ်နေကုန် ဒီလိုနဲ့ ကမ္ဘာကြီးလည်နေပါတယ် - ယုံ။ အုံ့မှိုင်းမှောင်မိုက်တဲ့စိတ်ကောင်းကင် ငါတို့ဆီမှာ ပိတ်ထားတဲ့ တံခါးတွေက ခပ်များများ တွန်းဖွင့်လိုက်ဖို့လက်တွေက နည်းလွန်း အတ္တတွေ အရိုင်းဆန်လိုက်ပုံများပြောပါတယ် ကျွန်ဖြစ်လည်း ကျွန်ပါးတော့ ဝ လိုက်ချင်သေးတယ် ကိုယ် - စိတ် ဖျားနာခြင်းမှာ မကြာ မကြာ ယဉ်ပါး ငါတို့က ဒဏ်ရာစုဆောင်းသူ ငါတို့က ကြမ်းပေါ်ကျကွဲတဲ့ ကြက်ဥပါး ကြေကွဲစတိုင်း သွေးရဲသားရဲ လှရဲ့ အစာချောင်းနေတဲ့ ကျီးတွေ သိပ်များလွန်းတဲ့ ကမ်းခြေပါ ငါတို့ရဲ့ သွေးရဲသားရဲတွေ လုံခြုံအောင် ဖွက်ထားလိုက်ကြ ရာသီဥတုက အခုအချိန်ထိ မကောင်းနိုင်သေးဘူးရယ်။